ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သောမိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် နှိုးဆော်ချက်

“ငါးရစ်ငါးသန်ဘေးမဲ့ချန်၊ ပုံမှန်စားသုံးမျိုးမသုဉ်း”
“ငါးရစ်တစ်ကောင်သုံးလရှောင်၊ ထောင်သောင်းတိုးပွားရေရှည်စား”

 

v    မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်ချောင်းအင်းအိုင်  အနှံ့အပြား၌   ဥများဖြင့်   ပြည့်နေသော  ငါးမကြီးများနှင့်မျိုးရည်ပြည့်၀နေသော ငါးထီးကြီးများသည် ဥချရန် နေရာလာရှာ၍ ငါးရစ်တက်ကြပါသည်။
v    ထိုငါးရစ်ငါးကြီးများကို ဖမ်းဆီးလိုက်ပါက ငါးများမိတ်လိုက်၊ ဥချ၊ သားပေါက်မှုများ  မပြုလုပ်နိုင်ကြဘဲ   ပေါက်ပွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်အရွယ်ငယ် (ငါးသန်)များကို ငယ်ရွယ်စဉ် ဖမ်းဆီးလိုက်ပါက သေကျေပျက်စီးကြကာ ရေရှည်စဉ်ဆက်မပြတ်  ငါးထုတ်လုပ်နိုင်ရေးနှင့်  တစ်နိုင်ငံလုံး ငါးရိက္ခာဖူလုံစွာစားသုံးနိုင်ရေးကို အထောက်အကူမပြုတော့ဘဲ ငါးမျိုး ပြုန်းတီးသွားစေနိုင်ပါသည်။
v    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၂/၉၂ ဖြင့် ငါးရစ်ငါးသန် ရာသီချိန်များတွင် ငါးများဖမ်းဆီးခြင်းမပြုရန် တားမြစ်ထား ပါသည်။  အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေအရ ဖမ်းဆီး တရားစွဲဆိုအပြစ်ပေးနိုင်ရန် ပြဋ္ဌာန်းထားပါသည်။
v    သို့ပါ၍ ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီအချိန် များတွင် ငါးရစ်ငါးများ လွတ်လပ်စွာ ဥချသားပေါက်နိုင်ရေးနှင့် နုနယ်လှသည့် ငါးသားပေါက်များ ဆက်လက်ရှင်သန်ကြီးထွားနိုင် ရေးအတွက် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်း မပြုဘဲ ဘေးမဲ့ပေးကြပါရန် နှိုးဆော်အပ်ပါသည်။                                                            
 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
                                         ငါးလုပ်ငန်းဦးစီးဌာန