ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ဧက ၁၀၀၀ကျော် စိုက်ပျိုးအောင်မြင်

 

ငဖဲ   ဇွန်   ၄


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တောင်ပေါ်ဒေသ( နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် အာရေဗီးကား (ဗီယက်နမ်)ကုန်းမြင့်ကော်ဖီမျိုးများကို စိုက်ပျိုးထားရာ ကော်ဖီစိုက်ဧက ၁၀၆၆ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 


  ငဖဲမြို့နယ် တောင်ပေါ်ဒေသ (နတ်ရေကန်) သည် မင်းဘူး -အမ်းသွားကားလမ်းအနီးတွင် တည်ရှိပြီး ဒေသခံတောင်သူများက ကော်ဖီ၊ လက်ဖက်၊ ဝဥ၊ ထောပတ်၊ကမ္ဗလာ၊ ရှောက်ချို၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျော၊ သံပုရာစသည့်  နှစ်ရှည်သီးနှံပင်များကို အများဆုံးစိုက်ပျိုးကြသည်။ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ ရာသီ -သီးနှံဌာနခွဲ၊ ကော်ဖီခြံ (နတ်ရေကန်)တွင်  အာရေဗီးကား (ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုး  ဧက ၄၀ စိုက်ပျိုးထားပြီး တောင်ပေါ်ဒေသကျေးရွာများတွင် ပုဂ္ဂလိကတောင်သူစိုက်ဧက ၁၀၂၆ ဧကစိုက်ပျိုး ထားကြောင်း သိရသည်။   

 


အရည်အသွေးမြင့် ရောင်းတန်းဝင်ကော်ဖီအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်   ကော်ဖီစိုက် တောင်သူအစုအဖွဲ့  ဖွဲ့စည်းထားပြီး   တောင်သူ နည်းပညာပေးသင်တန်းနှင့်   ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ကာ  ကော်ဖီမျိုးစေ့၊ပျိုးပင်နှင့်    စိုက်ပျိုး ရေး လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးထားကြောင်း၊ နှစ်စဉ်ကော်ဖီစိုက်ဧက    တိုးတက်လာသကဲ့သို့  အထွက်နှုန်းများလည်း   တိုးတက်လာခဲ့ကြောင်း၊ ယခုနှစ်ထွက်ရှိသော ကော်ဖီစေ့များအား ကော်ဖီ အရည်အသွေးပေါ်မူတည်ပြီး တစ်တန်လျှင် ငွေကျပ် သိန်း ၃၀ မှ ၅၀ အထိပေးဝယ်ရာ တောင်သူများ စျေးကောင်း ရရှိ၍အဆင်ပြေကြောင်း၊  ကော်ဖီပင်နှင့် ဆက်စပ်ပြီး  ထောပတ်၊ ဝဥ၊ လိုင်ချီး၊ လက်ဖက် စသည့်နှစ်ရှည်သီးနှံပင်များ    ကြားညှပ်စိုက်ပျိုးကြ၍ တောင်ပေါ်ဒေသခံတိုင်းရင်းသားများ     မိသားစု စားဝတ်နေရေး  အဆင်ပြေကြောင်း၊  ယခုနှစ်မှစ၍ မဲခေါင် - လန်ချန်း  အထူးရန်ပုံငွေဖြင့်   ကော်ဖီ စံပြကွက် နှစ်ဧကကို စမ်းသပ်စိုက်ပျိုးထားရှိကြောင်း၊  တောင်ပေါ်ဒေသ ကျေးရွာအုပ်စု ၁၀ အုပ်စုမှ ကော်ဖီ စိုက်တောင်သူများ  အရည်အသွေးကောင်းမွန်သော သီးနှံများရရှိ၍ အချိန်တိုအတွင်း ခြောက်သွေ့စွာ လှန်းနိုင်ရန်ရည်ရွယ်၍  ကော်ဖီခြံတွင် Solar Dryar စနစ်ဖြင့်  သီးနှံအခြောက်လှန်းစင်   အဆောက်အအုံ တည်ဆောက်ထားရှိကြောင်းနှင့် ယခုနှစ်  မိုးရာသီ အမီ  တောင်သူများ  စိုက်ပျိုးနိုင်ရေးအတွက်  ကော်ဖီ ပျိုးပင်၊ အခြားအရိပ်ရပျိုးပင်များနှင့်အတူ ကော်ဖီ မျိုးစေ့များပါ  ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကော်ဖီခြံတာဝန်ခံ  ဦးဇော်သိန်းက ပြောကြားသည်။

 


ငဖဲမြို့နယ် နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ် လျှင် ကော်ဖီစေ့ ၂ ဒသမ ၈ တန်နှင့် ပုဂ္ဂလိကစိုက်ခင်း များမှ  ၄၃ တန်ခန့် စုစုပေါင်း  ၄၅  တန်ကျော် ထွက်ရှိပြီး ၎င်းကော်ဖီများကို ရွာငံ၊ ရေနံချောင်း၊ ရန်ကုန်နှင့် ပြင်ဦးလွင်မြို့နယ်      စျေးကွက်များသို့   တင်ပို့ရောင်းချကြကြောင်း  သိရသည်။

                                                                 
မယု (ငဖဲ)