
ရန်ကုန် နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ငမိုးရိပ်ရေထိန်းတံခါးတွင် ချောင်းအတွင်းမှ နုန်းများကို ရေပေါ်သွားမြေတူးစက် Amphibious Excavator လေးစီးနှင့် Long Arm Backhoe နှစ်စီး တို့ဖြင့် နုန်းစုပ်တင်နေမှုနှင့် ငမိုးရိပ်ချောင်း တစ်လျှောက် နုန်းပို့ချမှုအခြေအနေနှင့် ရေစီးနှုန်းတိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်း များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက နိုဝင်ဘာ ၉ ရက်တွင် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ က လှည်းကူးမြို့နယ်နှင့် ဒဂုံမြို့သစ်မြို့နယ်များ အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငမိုးရိပ် ချောင်းပေါ်တွင် ငမိုးရိပ်ရေလှောင်တမံ၊ ပေါင်းလင်း ရေလှောင်တမံနှင့် မဟူရာရေလှောင်တမံတို့ကို တည်ဆောက်ထားပြီး ရေချိုများထိန်းသိမ်းသိုလှောင် ၍ စိုက်ပျိုးရေနှင့် မြို့တော်သောက်သုံးရေပေးဝေပြီး အကျိုးပြုလျက်ရှိကြောင်း၊ ထို့အတူ ငမိုးရိပ်ချောင်း ပေါ်ရှိ ငမိုးရိပ်ရေထိန်းတံခါးသည်လည်း ချောင်း အထက်ပိုင်းသို့ ရေငန်နှင့်နုန်းများ မဝင်စေရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေပေးဝေရေးတို့အတွက်အကျိုးပြုလျက်ရှိကြောင်း၊ ယခုအခါ ငမိုးရိပ် ချောင်းအပါအဝင် ဆက်စပ်လျက်ရှိသော ချောင်းရိုး များ ကျဉ်းမြောင်းတိမ်ကောပြီး ရာသီဥတုဖောက်ပြန် ၍ မိုးအဆက်မပြတ်ရွာသွန်းသည့်အခါတွင် ရေကြီးမှု များဖြစ်ပွားသဖြင့် တိမ်ကောနေသော ငမိုးရိပ်ချောင်း နှင့် ငမိုးရိပ်ချောင်းအတွင်းစီးဝင်သည့် တိမ်ကော နေသည့် ချောင်းရိုးများကို တူးဖော်ပေးခြင်း၊ ငမိုးရိပ် ချောင်း ဖြတ်သန်းစီးဆင်းရာတစ်လျှောက်ရှိ မြို့နယ် များတွင် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် အဓိကရေထွက်မြောင်းနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ပြန်လည်တူးဖော်ခြင်း၊ ရေဘေးကာကွယ်ရေးတာများကို သတ်မှတ် A.C.L ပြည့်မီအောင်မြှင့်တင်ခြင်းနှင့် တောင့်တင်းအောင်ဆောင်ရွက်ခြင်းတို့ဖြင့် ရေကြီးမှုဖြစ်စဉ်များ လျော့နည်းသက်သာစေရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် နုန်းများစုပ်ယူရန်အတွက် ငမိုးရိပ်ချောင်းတစ်လျှောက် နုန်းပို့ချမှုအခြေအနေနှင့် ရေစီးနှုန်းတိုင်းတာခြင်းလုပ်ငန်းများကို စူးစမ်း လေ့လာရေးဌာနခွဲ၊ ဇလဗေဒဌာနခွဲ၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ တိုင်းတာဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)