
ကသာ အောက်တိုဘာ ၁၅
မိုးနှောင်းကာလရောက်ရှိလာ၍ ကသာ မြို့နယ်အနီးတွင် ဧရာဝတီမြစ်ရေ မြင့်တက် လာခြင်း မရှိတော့သဖြင့် မြစ်ရိုးအင်း လက်ခွဲများ၌ ငါးလူးငါးများ ဝင်ရောက်မှု ကောင်းလာပြီး ရေလုပ်သားများအနေဖြင့် ငါးဖမ်းဆီးနိုင်ကြသလို အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာကြ ကြောင်းသိရသည် ။
ငါးမဖမ်းရန်တားမြစ်ထားသည့် ငါးရစ် ငါးသန်ကာလ ကျော်လွန်လာသဖြင့် ရေလုပ်သားများနှင့် မြစ်ရိုးအင်း ငါးဖမ်း လုပ်သားများက ငါးအမျိုးမျိုး ရှာဖွေ ဖမ်းဆီးခြင်းကြောင့် ကသာမြို့ ငါးဈေးကွက် သို့ ငါးမျိုးစုံဝင်ရောက်လျက်ရှိရာ ကသာမြို့ရှိ ဈေးကြီး၊ ဈေးလေးနှင့် ဘူတာဈေးတို့တွင် ငါးလူးငါးများအပြင် တီလားပီးယား၊ ငါးဘတ်၊ ငါးနုသန်း၊ ငါးဗြက်ငါးများ နေ့စဉ် ဝင်ရောက်လျက်ရှိသည်။
လက်လီဈေးမှာ ငါးလူးငါးတစ်ပိဿာ လျှင် ကျပ် ၆၀၀၀ ခန့်ရှိကာ ငွေလုံးငွေရင်း ရလိုသူများအနေဖြင့် ငါးပွဲရုံဒိုင်များသို့ တင်သွင်းခြင်းများလည်းရှိကြောင်း သိရ သည်။ အခြားငါးဈေးနှုန်းများမှာ ငါးအမျိုး အစားပေါ်မူတည်၍ ငါးကြီးငါးကောင်းများက အမြင့်ဆုံး တစ်ပိဿာလျှင် ကျပ်တစ်သောင်း မှ အနိမ့်ဆုံး ကျပ် ၅၀၀၀ အထိ ဈေးရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသော ငါးများကို ရေခဲရိုက် ခြင်း၊ ငါးဆားနယ်ခြင်းများ ပြုလုပ်ပြီး မန္တလေးဘက်သို့ တင်ပို့ဖြန့်ချိခြင်းကို ဆောင်ရွက်နေကြသည့်အတွက် အလုပ် အကိုင်အခွင့်အလမ်းများ ပိုများလာခြင်း ဖြစ်သည်။ ငါးဆားနယ်ပြုလုပ်ရာတွင် ငါးလူးငါးကို အဓိကထားပြုလုပ်ကြပြီး အခြားငါးများကို ငါးကြီးချဉ်၊ ငါးလေးချဉ်၊ ငါးဖယ်ချဉ်များအဖြစ်လည်း ပြုလုပ် ရောင်းချနေကြကြောင်း သိရသည်။
ငွေအိုးကသာ