
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ ချုပ်တို့အကြား ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင်မှု သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ M Gallery ဟိုတယ် ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာပွင့်ဆန်း၊ တနင်္သာရီ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးမောင်ကြီး၊ တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးလှသန်း၊ ဒုတိယ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး တို့က အမှာစကားပြောကြား ကြပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ငါးလုပ်ငန်းဆိုင်ရာ သုတေသန ရန်ပုံငွေ ထူထောင်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ သည်။
လက်မှတ်ရေးထိုး
ထို့နောက် ငါးလုပ်ငန်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးလှသန်းတို့က ငါးလုပ်ငန်းဆိုင်ရာ သုတေသန ရန်ပုံငွေထူထောင်မှု သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုး ကြသည်။
ပူးပေါင်းဆောင်ရွက်
အာဆီယံ နိုင်ငံများ၏ ဘုံသဘောတူညီချက် Blue Economy for the Blue Ocean အစီအစဉ်များတွင် မြန်မာနိုင်ငံ အနေဖြင့် ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ရှိနေသကဲ့သို့ အမျိုးသားဇီဝမျိုးစုံမျိုးကွဲ မဟာ ဗျူဟာနှင့် စီမံချက် (National Biodiversity Strategic Action Plans) ၊ နိုင်ငံအဆင့် ပင်လယ် ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်မှု ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်း စဉ်များအရ မြန်မာနိုင်ငံရေပြင် အတွင်း ကမ်းရိုးတန်းသယံဇာတ ရေရှည်တည်တံ့စေရေး ဦးစား ပေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ နိုင်ငံအဆင့် မူဝါဒနှင့် လိုက်လျောညီထွေသော လုပ်ငန်း စဉ်များကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာတွင် တနင်္သာရီတိုင်းဒေသကြီး ငါး လုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် သဘာဝ ငါးပုစွန်ဖမ်းဆီးမှုနှင့် ငါးပုစွန် မွေးမြူရေးလုပ်ငန်းများ အပြင် ရေရှည်တည်တံ့ခိုင်မြဲသော လုပ်ငန်းများဆိုင်ရာ ငါးလုပ်ငန်း သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး၏ ရေထွက်ပစ္စည်း ပြည်ပပို့ကုန်တန်ဖိုး၏ ၀ ဒသမ ၅ ရာခိုင်နှုန်း သုတေသနရန်ပုံငွေ အဖြစ် ထည့်ဝင်၍ အစိုးရနှင့် ပုဂ္ဂလိကအကြား သုတေသန ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်