ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ မလာဘူးဆိုတဲ့အဖွဲ့တွေကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးပေါ်မှာထားရှိတဲ့  သဘောထား၊ ပြည်သူလူထုနဲ့ ဒေသခံလူထုပေါ်မှာထားရှိတဲ့  သဘောထား ပေါ်လွင်လာတယ်လို့ပဲ ပြောလိုပါတယ်

 

 

နေပြည်တော်   မေ   ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်    ဗိုလ်ချုပ်    ဇော်မင်းထွန်းက   ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မေးမြန်းချက်ကို  အောက်ပါအတိုင်း  ဖြေကြားခဲ့ပါ သည်-
          ငြိမ်းချမ်းရေး ဆွေးနွေးပွဲ   တက်ရောက်မယ့်အမည်စာရင်းကို မေလ ၉ ရက်နေ့က  ကျွန်တော်တို့တောင်းခဲ့ပါတယ်။   ဒီလိုတောင်းခဲ့တဲ့ အခါ အခုအချိန်အထိ ငြိမ်းချမ်းရေးမှာ NCA လက်မှတ်ထိုးပြီးသားအဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ် မရေးထိုးထားရသေးတဲ့အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်မယ်ဆိုတဲ့ စာရင်းပေးမှုကို ကျွန်တော်တို့ရရှိပြီးဖြစ်ပါ တယ်။ တချို့အဖွဲ့တွေကတော့ မြင်တွေ့နေရတဲ့အတိုင်းပဲ သူတို့က ကြေညာချက်တွေထုတ်ပြီး မတက်ရောက်ဘူးဆိုတာလည်းတွေ့ရပါ တယ်။ တချို့ အဖွဲ့တွေကတော့ သူတို့အဖွဲ့အတွင်းမှာ ညှိနှိုင်းတိုင်ပင် နေဆဲ  ဖြစ်တဲ့အတွက်ကြောင့်  စောင့်ကြည့်ချင်တဲ့သဘော  ပြောတဲ့ အဖွဲ့လည်းရှိပါတယ်။
ဆွေးနွေးပွဲကတော့ ဆွေးနွေးဖို့စာရင်းပေးထားတဲ့ ဒီ EAO အဖွဲ့ တွေ သူတို့ အဆင်ပြေနိုင်တဲ့အချိန်ကိုပဲ ကျွန်တော်တို့က ဦးစားပေးပြီး စဉ်းစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံးဆွေးနွေး သွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။  သို့သော် ဒီအဖွဲ့တွေရဲ့ အဖွဲ့ တစ်ဖွဲ့အတွင်းမှာလည်း မတူညီတဲ့အကြောင်းအရာတွေ ရှိတဲ့အတွက် ဆွေးနွေးပွဲကို    ကျွန်တော်တို့က  ဘယ်အချိန်လုပ်မယ်ဆိုတာကို သတ်မှတ်ပေးတာထက် သူတို့ဆီကနေ တုံ့ပြန်ချက်တွေရလာတဲ့အချိန်၊ ဒီအပေါ်မှာ ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးပြီးသား ၇ ဖွဲ့မှာတော့ DKBA အဖွဲ့ပါတယ်။ KNU - KNLA/PC အဖွဲ့ပါတယ်။ နောက်တစ်ဖွဲ့က ပအိုဝ်းအဖွဲ့ PNLO အဖွဲ့ပါတယ်။ ပြီးရင်တော့ မွန်အဖွဲ့ NMSP အဖွဲ့ပါတယ်။ ပြီးရင် ရခိုင်အဖွဲ့ ALP အဖွဲ့ပါတယ်။ ပြီးရင် ရှမ်းက RCSS(SSA) အဖွဲ့ပါတယ်။ ပြီးရင် လားဟူ LDU အဖွဲ့ပါတယ်။ ဒါကတော့ NCA ထိုးပြီးသား ခုနစ် ဖွဲ့ပေါ့။ NCA မထိုးရသေးတဲ့ သုံးဖွဲ့ကတော့ UWSA “ဝ”အဖွဲ့ ပါပါတယ်။ NDAA မိုင်းလားအဖွဲ့ပါပါတယ်။ နောက်တစ်ခုကတော့ ရှမ်းအဖွဲ့ SSPP(SSA) ရှမ်းအဖွဲ့ ပါပါတယ်။  အဓိကကတော့  ကျွန်တော်တို့က ဒီ ၂၀၂၂ ခုနှစ်ကို    ငြိမ်းချမ်းရေးနှစ်အဖြစ်  သတ်မှတ်ထားပြီးဖြစ် တယ်။   ဒါကြောင့်  နိုင်ငံတော်အကြီးအကဲ  ကိုယ်တိုင်ကလည်း ကိုယ်တိုင် တွေ့ဆုံမယ်ဆိုပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့တာရှိပါတယ်။ အဲဒီအပေါ်မှာတော့   သဘောထားအမြင်   အမျိုးမျိုးရှိကြတာ ပေါ့။ ဒီလိုသဘောထားအမြင် အမျိုးမျိုးရှိကြတဲ့အထဲမှာ တချို့လည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ EAO တွေထက်ပိုပြီး  ပတ်သက်တဲ့သူ  ဘယ်သူတွေ  ရှိဦးမှာလဲ။ ပါဝင်သင့်   ပါဝင်ထိုက်တဲ့သူ  အားလုံးဆိုတဲ့ နေရာမှာ EAO တွေထက် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူ ဘယ်သူများ ရှိဦးမှာလဲ။ ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောနေသလိုပါပဲ ပုဂ္ဂိုလ်ရေးရာထက် ဒီအချိန်ဟာ  အချိန်ကောင်းပဲဖြစ်တယ်။ အချိန်ကောင်းပဲဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ မလာဘူးဆိုတဲ့အဖွဲ့တွေ ဒါတွေကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးပေါ်မှာ ထားရှိတဲ့ သဘောထား၊ ပြည်သူလူထုနဲ့ ဒေသခံလူထုပေါ်မှာထား ရှိတဲ့  သဘောထား ပေါ်လွင်လာတယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်။
ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်    အခုဆွေးနွေးဖို့ပေးထားတဲ့ အဖွဲ့များနဲ့ ကျွန်တော်တို့ တပ်မတော်နဲ့ နိုင်ငံတော် အစိုးရအနေနဲ့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ခိုင်ခိုင် မာမာ အာမခံထားတာဖြစ်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ လိုလားချက်တွေကိုပါ ရင်းနှီးပွင့်လင်းစွာ ဆက်လက်ပြီး ဆွေးနွေးသွား မှာဖြစ်တယ်။   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်    တိုးတက်အောင်မြင်ဖို့ ဆိုရင် ကျွန်တော်တို့ အလေးထားပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။