ငွေထုတ်များနေတဲ့သူတွေအားလုံးကို ဗဟိုဘဏ်၊ စသုံးလုံး၊ FIU တို့က အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် ဈေးကစားမှုများမှာ ပါဝင်ပတ်သက်နေရင် ထိရောက်စွာအရေးယူသွားမှာ ဖြစ်ပါတယ်

 

ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပုံမှန်အတိုင်းဆောင်ရွက် လျက်ရှိခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်- 


မေး။    ။    ဒီရက်ပိုင်းအတွင်း ဘဏ်တွေရှေ့မှာ ပြည်သူတွေငွေထုတ် ယူနိုင်ဖို့အတွက် တန်းစီနေတာ နေရာတော်တော်များများ 
မှာ တွေ့ရပါတယ်။ ဘာကြောင့်လို့ ပြောချင်ပါသလဲ။
ဖြေ။    ။    လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို    အခွင့် ကောင်းယူပြီး   နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာမှုနဲ့ 
စီးပွားရေးတည်ငြိမ်မှုကို မလိုလားတဲ့ သတင်းမီဒီယာများ၊ အကြမ်း ဖက်အုပ်စုများနဲ့ ၎င်းတို့ကိုထောက်ခံအားပေးသူများက လူမှုကွန်ရက် စာမျက်နှာများမှာ သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသားမှု တွေ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး ယင်းသတင်းများအနက်   နယ်ဘဏ်ခွဲ အချို့မှာ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက အကြမ်း ဖက်တိုက်ခိုက်လုယက်ဖျက်ဆီးမှုတွေကို အခွင့်ကောင်းယူကာ အဆိုပါ သတင်းတွေကို ဓာတ်ပုံများနဲ့တကွဖော်ပြပြီး  ပြည်သူတွေက ဘဏ် များမှ  ငွေထုတ်ယူလို့မရတော့သယောင် သွေးထိုးလှုံ့ဆော်ရေးသားမှု တွေကြောင့်  ပြည်သူများ   စိုးရိမ်ပူပန်မှုမြင့်တက်ကာ ဘဏ်များမှ   ငွေတွေကို လိုသည်ထက်ပို၍ ထုတ်ယူနေခြင်းဖြစ်တယ်လို့ ပြောကြား လိုပါတယ်။  

 


မေး။    ။    အခုလတ်တလောအခြေအနေတွေအရ   ဗဟိုဘဏ်အနေ နဲ့ ဘဏ်တွေမှာ  အများပြည်သူငွေသားထုတ်ယူမှုအပေါ် 
ကန့်သတ်လိုက်ပြီဆိုတာ ဟုတ်ပါသလား။ 
ဖြေ။    ။    မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အပ်နှံငွေအပေါ် ငွေထုတ်ယူနိုင် ဖို့အတွက် ဘဏ်တွေက ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း ပြည်သူမှ အပ်နှံထားတဲ့ငွေများ အဆင်ပြေပြေထုတ်ယူနိုင်ရေးအပေါ် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ 

 


မေး။    ။    Special Account တွေကနေ  အချိန်မရွေး ငွေကြိုက် သလောက် ထုတ်ယူနိုင်တယ်လို့  နားလည်ထားပါတယ်။ 
ဒီရက်ပိုင်း Special Account တွေကို ငွေထုတ်ယူမှုကန့်သတ်လိုက် ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်၊ မှန်ပါသလား။ မြေပြင်မှာ ငွေသွားထုတ်တဲ့အခါမှာ   တန်းစီနေရပြီး    ကိုယ့်အလှည့်ရောက် တဲ့အခါမှာ   လိုချင်သလောက်မရခြင်း၊  နောက်ရက်မှလာထုတ်ဖို့ ထပ်မံချိန်းဆိုခြင်းတွေ ကြုံတွေ့နေရတဲ့အပေါ်  ဘာများပြောချင်ပါ သလဲ။
ဖြေ။    ။    အပ်နှံငွေရဲ့အနေအထားအရ New Account (Special Account) ဆိုရင် ငွေသားထည့်သွင်းခဲ့တဲ့ပမာဏအတိုင်း 
ငွေသားထည့်သွင်းခဲ့တဲ့ ဘဏ်တွေမှာ ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ယူသူများရင် ဘဏ်အနေနဲ့  ၎င်းတို့ရဲ့   ငွေသိုလှောင်ခန်း အကျယ်အဝန်းပေါ်မူတည်ပြီး ငွေသားများထားရှိရတဲ့အတွက် ထုတ် ပေးဖို့ငွေပမာဏကို စီစဉ်ဖို့လိုအပ်တာကြောင့် မိမိငွေထုတ်ယူလိုတဲ့ ပမာဏကို   ဘဏ်ကို    ကြိုတင်အသိပေးအကြောင်းကြားထားရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ 

 


မေး။    ။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ငွေထုတ်ကန့်သတ်ချက်မထားရှိဘဲ ငွေသားထုတ်ပေးခြင်း တွေကို  ဆောင်ရွက်ပေးလျက်ရှိတယ်လို့   ပါရှိပေမယ့်   လက်တွေ့ သွားရောက်ထုတ်ယူတဲ့အခါမှာ အချို့ပုဂ္ဂလိကဘဏ်တွေမှာ ကန့်သတ် ချက်တွေရှိနေလို့ ဒီအပေါ်မှာ ဘာများပြောကြားလိုပါသလဲ။
ဖြေ။    ။    အများပြည်သူအနေနဲ့ မိမိအပ်နှံထားတဲ့  အပ်နှံငွေအမျိုးအစားအပေါ်မူတည်ပြီး ဘဏ်က ငွေထုတ်ယူရာမှာ ကွဲပြား 
မှုများရှိနိုင်ပါတယ်။ Special Account ဆိုရင် မိမိငွေသားထည့်သွင်း ခဲ့တဲ့ ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပါတယ်။ ငွေစုဘဏ်စာရင်း (Saving Account)  ဆိုရင်   တစ်ပတ်တစ်ကြိမ်    ငွေထုတ်ယူမှု ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ စာရင်းသေအပ်ငွေ(Fixed Deposit)ဖြစ်ရင် သက်တမ်းပြည့်မယ့်အချိန်မှသာ ငွေထုတ်ယူနိုင်မှာဖြစ်ပါတယ်။ Saving Account အပါအဝင်  အပ်ငွေစာရင်းအဟောင်းတွေနဲ့ပတ်သက် ရင်  ဘဏ်များမှ  ငွေထုတ်ယူရာမှာ   မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ ငွေသားစီမံခန့်ခွဲမှု အဆင်ပြေစေ ရေး  အစီအစဉ်သတ်မှတ်ချက်ပါအတိုင်း   ငွေသားထုတ်ယူမှုအပြင် ပြည်သူများအနေနဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေဖြစ်တဲ့ မိုဘိုင်းဘဏ် လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းများ၊ Account Transfer များနဲ့ ဘဏ်ဝန်ဆောင်မှုများကို အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။ 

 


မေး။    ။    ပြည်တွင်း/ပြည်ပ  မီဒီယာများနဲ့   လူမှုကွန်ရက်တွေမှာ သွေးထိုးလှုံ့ဆော်မှုနဲ့ ဝိသမလောဘသားများရဲ့ ကိုယ်ကျိုး 
စီးပွားရှာ  သွေးထိုးမှုတွေကြောင့်   ပုံမှန်ပြန်လည်   လည်ပတ်နေတဲ့ ဘဏ်တွေမှာ ပြည်သူတွေ စိုးရိမ်တကြီး ငွေတွေထုတ်ပါတယ်။ ဘဏ် တွေမပြိုလဲဖို့နဲ့ ပြည်သူတွေရဲ့အပ်နှံငွေတွေ မဆုံးရှုံးစေဖို့ ဗဟိုဘဏ် က ဘယ်လိုအာမခံချက်တွေပေးဖို့ ရှိပါသလဲ။
ဖြေ။    ။    ဗဟိုဘဏ်က အပြည့်အဝအာမခံထားပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကာလမှာသာမက   ကောလာဟလဖြစ်တိုင်း   ဗဟို ဘဏ်က ပြည်သူများရဲ့ အပ်နှံငွေအပေါ် အပြည့်အဝအာမခံရှိတာကို အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။  ဘဏ်တွေက   အဆိုပါအပ်နှံငွေ များ ပြန်လည်ထုတ်ပေးနိုင်ဖို့ ဗဟိုဘဏ်မှာ အနည်းဆုံးထားရှိရမယ့် သီးသန့်ငွေလိုအပ်ချက်ကို အပ်နှံထားရှိလျက်ရှိရာ လက်ရှိမှာ ဘဏ် များက အနည်းဆုံးလိုအပ်ချက်ထက်ပိုပြီး ဗဟိုဘဏ်ထံ အပ်နှံထားပါ တယ်။ ဒါ့အပြင် ပြည်သူလူထုကို ငွေပြန်လည်ထုတ်ပေးနိုင်ဖို့ ငွေကြေး လွယ်ကူမှုအချိုးများနဲ့လည်း   စောင့်ကြပ်ထိန်းကျောင်းလျက်ရှိရာ ဘဏ်များအနေနဲ့  အပ်နှံငွေတွေ   အပြည့်အဝပြန်လည်ထုတ်ပေးဖို့ အဆင်သင့်ရှိပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေကို စောင့်ကြည့် ကြပ်မတ်လျက်ရှိတာကြောင့်  ဘဏ်တွေအနေနဲ့လည်း   အဆင်ပြေ ချောမွေ့စွာ သတ်မှတ်စည်းကမ်းချက်များနဲ့အညီ ဆက်လက်ဝန်ဆောင် မှုပေးလျက်ရှိတဲ့အတွက် ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပုံမှန် အတိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ရန်လိုအပ်ပါတယ်။ 


မေး။    ။    ဘဏ်ကငွေတွေ အလုအယက်ထုတ်အောင် ကောလာဟလ တွေထုတ်ပြီး ရွှေနဲ့ ဒေါ်လာဈေးကို ဆွဲတင်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူမယ့်အစီအစဉ်များ ရှိပါသလား။
ဖြေ။    ။    ဘဏ်တွေမှာ ငွေကြေးခဝါချမှုဗဟိုအဖွဲ့က သတ်မှတ်ထားတဲ့ ငွေကြေး ကျပ်သန်း ၁၀၀ ထက်ကျော်လွန်ပြီး ထုတ်ယူတဲ့ ပမာဏအားလုံးကို ငွေကြေးဆိုင်ရာ  စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ထံပေးပို့ရတယ်။ အခု ငွေထုတ်များနေတဲ့သူတွေ အားလုံးကို ဗဟိုဘဏ်၊ စသုံးလုံး၊   FIU   တို့က  အနီးကပ်ကြီးကြပ်စောင့်ကြည့် နေတာဖြစ်တဲ့အတွက်  ဈေးကစားမှုများမှာ  ပါဝင်ပတ်သက်နေရင် ထိရောက်စွာအရေးယူသွားမှာ ဖြစ်ပါတယ်။ 
ဘဏ်တွေထံမှ ပြည်သူတွေ ငွေထုတ်ယူဖို့ လှုံ့ဆော်ရေးသား၊ ဝါဒ ဖြန့်နေသူတွေကိုလည်း  ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ   ဖော်ထုတ် အရေးယူပြီး ထိရောက်ဟန့်တားသောပြစ်ဒဏ်များချမှတ်နိုင်ဖို့ တရား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနဲ့    ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားလိုပါတယ်။

 


မေး။    ။    ပြည်သူတွေက စိုးရိမ်ပူပန်မှုတွေမြင့်တက်မှုအပေါ် ဗဟို ဘဏ်အနေနဲ့ မည်သည့်သတင်းစကားပါးလိုပါသလဲ။
ဖြေ။    ။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှုလျှော့ချ ပြီး    ဒစ်ဂျစ်တယ်ပေးချေမှုများ    တိုးတက်စေဖို့အတွက် 
ဒစ်ဂျစ်တယ်ပေးချေမှု နည်းလမ်းတွေဖြစ်တဲ့ အီလက်ထရောနစ်ကတ် များဖြင့်လည်းကောင်း၊ ဘဏ်များရဲ့ မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း Pay များ၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်း Wallet များအသုံးပြုပြီး အများပြည်သူအနေနဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေအသုံးပြုကာ လုံခြုံ စိတ်ချရတဲ့  စရိတ်စကသက်သာစွာနဲ့ အကျွမ်းတဝင်ကောင်းမွန်စွာလည်ပတ်ပြီး ငွေပေးချေမှုပြုလုပ်နိုင်ဖို့ကို ပြည်သူတွေကလည်း သုံးစွဲ နေပြီး တိုးတက်မှုများလည်း နေ့စဉ်တွေ့ရှိနေရပြီ ဖြစ်ပါတယ်။ ဘဏ် စနစ်ကို ကောင်းမွန်စွာအသုံးပြုနေတဲ့ လုပ်ငန်းရှင်ကြီးများနဲ့ကုန်သည် များသာမက ကျေးလက်ဒေသရှိ ပြည်သူများကလည်း (ဥပမာ KBZ Pay) ကို လူကြီးလူငယ်များက အကျွမ်းတဝင် အသုံးပြုနေပြီဖြစ်ပါ တယ်။ လက်ရှိကောလာဟလနဲ့ ငွေကြေးစနစ်ကို မတည်ငြိမ်အောင် နှောင့်ယှက်နေတဲ့ အဖျက်မီဒီယာတွေကြောင့်  ပြည်သူများအနေနဲ့ အဖျက်မီဒီယာများရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ယုံကြည်ပြီး  ငွေသား ကိုင်ဆောင်မှုကို ပြန်လည်လိုက်ပါဖို့ မလိုအပ်ဘဲ ပုံမှန်အတိုင်း မိမိတို့ရဲ့ ဘဏ်စနစ်နဲ့ ငွေပေးချေမှုများကို ဆက်လက်သုံးစွဲဖို့ လိုအပ်ပါတယ်။ 
ဘဏ်စနစ် ခိုင်မာယုံကြည်မှုရှိဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆုံးရှုံးနိုင်ခြေများကိုအခြေခံပြီး  စောင့်ကြပ်ကြီးကြပ်နေတဲ့အတွက် အများပြည်သူရဲ့အပ်နှံငွေတွေ ဆုံးရှုံးမှုမရှိနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အပြည့်အဝအာမခံပါတယ်။ ဘဏ်များနဲ့ ဗဟိုဘဏ်မှာ ငွေသားအလုံအလောက်ရှိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ် ဟာ ဘဏ်ခွဲအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုပေးတဲ့ (Core Banking System)ကို အသုံးပြုလျက်ရှိပါတယ်။ ဘဏ်ခွဲတစ်ခုခုရဲ့ ဝန်ဆောင်မှု အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားရင်လည်း ပြည်သူတွေအနေ နဲ့ အပ်ငွေတွေထုတ်ယူမရတော့တဲ့ အခြေအနေမျိုးဖြစ်ပေါ်သွားမှာ မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများရယူနိုင်ပြီး  မိမိအပ်နှံထားတဲ့ အပ်ငွေအမျိုးအစား အလိုက် ငွေသားထုတ်ယူနိုင်ပါတယ်။ 
ဘဏ်များမှာ ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်းသည် မည်သည့် အခြေအနေ၊  မည်သည့်အချိန်တွင်မဆို   မိမိရဲ့ငွေပဲဖြစ်ပြီး အဆိုပါ ငွေများဟာ  ကိန်းဂဏန်းအတိအကျ၊    ပိုင်ရှင်အမည်အတိအကျနဲ့ ရှိနေကာ   မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ တာဝန်ယူမှုနဲ့ အကာအကွယ် ပေးမှုအပြည့်အဝရရှိနေမှာ ဖြစ်ပါတယ်။
ယခင်အတွေ့အကြုံများအရ ကောလာဟလများကြောင့် ပြည်သူ များက ဘဏ်များမှ ငွေတွေစုပြုံထုတ်ယူခဲ့မှုအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က  ကောင်းမွန်စွာစီမံထိန်းကျောင်းနိုင်ခဲ့ပြီး   ဘဏ်များရဲ့ ဝန်ဆောင်မှုများ    ကောင်းမွန်စွာ   ဆက်လက်လည်ပတ်   နိုင်ခဲ့ပါ တယ်။


ပြည်သူတွေ စိုးရိမ်ပူပန်မှုလွန်ကဲပြီး ငွေများကို လိုသည်ထက်ပိုမို ထုတ်ယူကာ လက်ဝယ်ထားရှိခြင်းကြောင့် လုယက်၊ ဓားပြတိုက်ခြင်း များခံရနိုင်ပြီး  မိမိတို့ငွေများ ဆုံးရှုံးနိုင်တဲ့အခြေအနေမျိုး ဖြစ်ပေါ် နိုင်ပါတယ်။          
ဘဏ်များရဲ့ ပြင်ပမှာ  ငွေသားတွေလိုသည်ထက်  ပိုမိုရောက်ရှိ လည်ပတ်နေခြင်းအားဖြင့် အိမ်ခြံမြေဈေး၊ ရွှေဈေး၊ ငွေဈေးကစားသူ တွေရဲ့ လှည့်ကွက်မှာ  ပါဝင်ခဲ့ရင်    ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူလူထုသာလျှင် အခက်အခဲဒုက္ခရောက်နိုင် ကာ စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုကို ပျက်ပြားစေနိုင်မှာ ဖြစ်တဲ့ အတွက် အဖျက်သမားများရဲ့ သတင်းမီဒီယာများက အခြေအမြစ်မရှိ ရေးသားဖော်ပြနေတာကို  စဉ်းစားချင့်ချိန်ပြီး  ပြုမူဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ ယခင်ကလို  ဘဏ်များထံမှ   မိမိငွေတွေကို ရာခိုင်နှုန်းတစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်းများကို ပြန်လည်ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လာနိုင်ပါတယ်။ 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ နေ့စဉ်အချိန်နှင့်အမျှ ဘဏ်များ ရဲ့   ငွေသွင်း/ ငွေထုတ်  အပ်နှံငွေအခြေအနေတွေကို   စောင့်ကြည့် ထိန်းကျောင်းနေတာကြောင့် ပြည်သူလူထုအနေနဲ့ ကောလာဟလ အပေါ် နားယောင်နေဖို့  မလိုအပ်ဘဲ ယုံကြည်စွာနဲ့ အများပြည်သူ အကျိုးကိုကြည့်ပြီး  ပူးပေါင်းဆောင်ရွက်သွားဖို့ ပြောကြားလိုပါတယ်။
လုံခြုံမှုရှိပြီး လူအများသုံးစွဲနိုင်တဲ့ ATM တွေမှာလည်း  ငွေများ ဖြည့်တင်းပေးထားပြီး ငွေကြေးစနစ်ကိုထိန်းချုပ်ရာမှာလည်း နိုင်ငံ တကာနည်းတူ စည်းမျဉ်းစည်းကမ်းအတိုင်း  အသေးသုံးငွေများကို ATM များမှာ သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းကောင်း၊ ပြည်တွင်းသုံးကတ်စနစ် ဖြင့် လည်းကောင်း၊ CBM Net System ဖြင့်လည်းကောင်း တစ်ဘဏ် မှတစ်ဘဏ်  ကန့်သတ်ချက်မရှိဘဲ   လွတ်လပ်စွာငွေလွှဲပြောင်းနိုင် ပြီး ပြည်သူများက Account Transfer နည်းများဖြင့်လည်း ငွေပေးချေ မှု နည်းလမ်းများကို အကန့်အသတ်မရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 
မေး။    ။    လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်တွေ  မှာ  ဘဏ်အချို့ကို   ဝင်ရောက်တိုက်ခိုက်ပြီး   ငွေကြေးကို လက်နက်ကိုင်အဖွဲ့အစည်းအချို့က   သိမ်းသွားတာမျိုး   ရှိတယ်။ ဒီဖြစ်စဉ်မှာ   ဆုံးရှုံးသွားတဲ့ငွေကြေးတွေနဲ့ပတ်သက်ပြီး   ဘယ်လို စီမံဆောင်ရွက်သွားဖို့ ရှိပါသလဲ။


ဖြေ။    ။    အဲဒီဖြစ်စဉ်မှာပါရှိတဲ့ ဘဏ်တွေရဲ့ Customer များက    မိမိတို့ ငွေကြေးများကို  အထောက်အထားများနဲ့   တင်ပြ 
လာရင် ဘဏ်များအနေနဲ့   ထုတ်ပေးနိုင်ဖို့    စီမံဆောင်ရွက်ထားရှိ ကြောင်း   ပြောကြားလိုပါတယ်။   ဘဏ်များမှာလည်း   ၎င်းတို့ရဲ့ Customer များရဲ့စာရင်းတွေ သိမ်းဆည်းထားပြီးဖြစ်လို့ ဘဏ်များ ရဲ့ မည်သည့်ဘဏ်ခွဲမဆို တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။                            

သတင်းစဉ်