နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ငါးခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု

 

 

နေပြည်တော် ဒီဇင်ဘာ ၃၀

 

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၆/၂၀၂၀) ကြိမ်မြောက် အစည်း အဝေးကို Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ကျင်းပ သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခု၏ မတည် ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဟိုတယ် ကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍ အလိုက် လုပ်ငန်းအသစ် ငါးခုကို ခွင့်ပြုခဲ့သည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၃၈ ဒသမ ၁၇၈ သန်းနှင့် ငွေကျပ် ၁၀၉,၂၀၄ သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၄၇၅ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့အစည်းအဝေးတွင် ခွင့်ပြု ခဲ့သည့် လုပ်ငန်းများအနက် စစ်ကိုင်း တိုင်းဒေသကြီး၌ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း နှစ်ခုနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ရာနှုန်း ပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ မှုဖြင့် ဆောင်ရွက်မည့် ရေငန်ပုစွန် မွေးမြူ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း တစ်ခုတို့လည်း အပါအဝင် ဖြစ်သည်။

ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည် စွမ်းအင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်) လုပ်ငန်းသည် မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျော ညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်း အစီအစဉ် (Nationally Determined Contribution- NDC) ကို ယခုနှစ် မကုန်မီ ဆောင်ရွက်သွားမည့် ရည်မှန်း ချက်အရလည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အွန်လိုင်းစနစ် ဖြင့် ကျင်းပခဲ့သည့် Climate Ambi-tion Summit ၌ ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ပါရှိသည့် လမ်းညွှန် ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန် အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကဏ္ဍများမှာ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်းဖြင့် လည်း ကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၀၃ ရာခိုင်နှုန်းဖြင့် လည်း ကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

သတင်းစဉ်