
နေပြည်တော် စက်တင်ဘာ ၂
နေပြည်တော်ရေပန်းဥယျာဉ်ကို မြို့တော်အဆင့်နှင့် လျော်ညီသည့် ခေတ်မီဥယျာဉ်ကြီးတစ်ခုအဖြစ် အဆင့်မြှင့်တင်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥယျာဉ်အတွင်း ပြည်သူများ စိတ်အပန်းဖြေစေရန် ရိုလာ ကိုစတာ(Roller Coaster)၊ Zip Line ၊ ရေလွှာလျှောစီး (အကြီး)၊ ရေလှိုင်း တု၊ မဟာရဟတ်၊ Mono Train စသည့် ကစားနည်းများ အပါအဝင် ကစားနည်းပေါင်း ၄၈ မျိုးကို သုံးနှစ်စီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး မူလရှိပြီးသော ကန်သုံးဆင့်ရေကန်၊ ရေတံခွန်၊ ရေပန်းရုပ်ရှင်(Water Movie)နှင့် ရေပန်းအက (Water Dancing) တို့ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် တင်ဒါအောင်မြင်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီမှ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ နေပြည်တော် ရေပန်းဥယျာဉ် နှစ်ရှည်ငှားရမ်းခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို အပြန်အလှန်လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။
အဆိုပါ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီအနေဖြင့် အများပြည်သူအပန်းဖြေနေရာအဖြစ် လူတန်းစားမရွေး ဝင်ရောက် လည်ပတ်နိုင်ရန် ရေပန်းဥယျာဉ် ဝင်ကြေးကို သင့်တော်သော နှုန်းထား ဖြင့်သာ ကောက်ခံရန် လိုအပ်ကြောင်း၊ နေပြည်တော် ရေပန်းဥယျာဉ် အတွင်း ဒေသတိုင်းရင်းသားရိုးရာစားသောက်ဆိုင်များ၊ အထည်ဆိုင်များ၊ သန့်ရှင်းသပ်ရပ်သည့် ခေတ်မီစားသောက်ဆိုင်များ၊ နည်းပညာဆန်းသစ် သော ကစားကွင်းများနှင့်ပြပွဲများ ထည့်သွင်းဆောင်ရွက်ရန်နှင့် တစ်နှစ် ထက်တစ်နှစ် မတူညီသည့်ဆန်းသစ်မှုများ၊ အဆင့်မြှင့်တင်မှုလုပ်ငန်း များကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်