
နေပြည်တော် မေ ၂၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်း များကို ဇွန် ၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်ကို မေ ၂၃ ရက် မှ မေ ၃၁ ရက်အထိ သတ်မှတ်ကာ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ် များကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်လျက်ရှိ သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ် ကလေး အားလုံး ပညာရေးမဝေးဖို့ ကျောင်း အမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့် အညီ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယနေ့ နံနက် ပိုင်းက စတင်၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေး နေမှုနှင့် စပ်လျဉ်း၍ အမှတ် (၅)အခြေခံပညာ အထက်တန်း ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က “မေ ၂၃ ရက်ကနေ ၃၁ ရက်အထိဟာ ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်လို့ သိရှိ ကတည်းက စတင်သိကတည်းက ပိုစတာတွေစိုက်ထူပြီး သန့်ရှင်း ရေးဆောင်ရွက်ပါတယ်။ ကျောင်း အပ်လက်ခံနိုင်ဖို့ စာသင်ခန်းတွေ ကိုလည်း ပြင်ဆင်တယ်။ စနစ်သစ် အတန်းက တိုးလာတဲ့အတွက် ကျောင်းအပ်နှံတဲ့အခါမှာလွယ်ကူအောင် အတန်းလိုက် ဘာသာတွဲ တွေကိုလည်း ကပ်ပေးထားပါ တယ်” ဟု ပြောသည်။
အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်း အပ်နှံရေး ရက်သတ္တပတ် အဖွင့် ရက်ဖြစ်သည့် ယနေ့၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အတန်းအလိုက် ကျောင်း လာရောက် အပ်နှံကြသော ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် စည်ကား လျက်ရှိသည်။
နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်ကလည်း “ကျောင်းသား ကျောင်းသူတစ်ယောက် ကျောင်း အပ်နှံတာနဲ့ တစ်ပြိုင်နက် နိုင်ငံတော်က ထောက်ပံ့ထားတဲ့ မူလတန်းဆိုရင် ကျောင်းသုံး ဖတ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံနဲ့ အဖြူအစိမ်း ကျောင်းဝတ်စုံ၊ အလယ်တန်း၊ အထက်တန်းဆိုရင် ကျောင်းသုံး ဖတ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်၊ ခဲတံတို့ကို ပေးနိုင်ဖို့အတွက် ပြင်ဆင်ရပါ တယ်။ ကျောင်းသားအားလုံးကို ပေးအပ်နိုင်အောင်လည်း ဆောင် ရွက်ထားပါတယ်။ ကျွန်တော်တို့ ကျောင်းမှာ ပြီးခဲ့တဲ့နှစ်က ကျောင်း သား ကျောင်းသူ စုစုပေါင်း ၁၅၈၀ ရှိပါတယ်။ ကျောင်းပြောင်းရွှေ့ က ၁၀၀ ခန့် ရှိတဲ့အတွက် အခု ကျောင်း သား ကျောင်းသူ ၁၄၈၀ ရှိပါတယ်။ ဝင်ဆံ့အင်အားအရ တော့ နောက်ထပ် အတန်းခွဲတိုင်း မှာ ကျောင်းသားဦးရေ ၂၀ လောက် အထိ လက်ခံသွားနိုင်ဖို့ ဆောင်ရွက် ထားပါတယ်။ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်း အနေ နဲ့ ကျောင်းအပ်နှံချိန်ကို မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်ထားတယ်” ဟု ပြော သည်။
ပညာရေးဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ကာ KG + 12 သင်ရိုးသစ်ကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် Grade-9နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည် ဖြစ်သည်။
ကျောင်း ဥပဓိရုပ်ကောင်းမွန် စေရန် ဆောင်ရွက်ထားခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် အသိပေး၊ သတိပေး ဆိုင်းဘုတ်များ ထားရှိခြင်း၊ စာသင်ခန်းများအတွင်း၌ စာသင် ခုံများ စနစ်တကျ နေရာချထား ခြင်းတို့ဖြင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်၌ ကျောင်းသား ကျောင်းသူများ သန့်ရှင်းသပ်ရပ် စွာ ပညာသင်ကြားနိုင်ရန် စီမံ ဆောင်ရွက်ထားသည်ကိုလည်း တွေ့မြင်ရသည်။
ထို့ပြင် တာဝန်ထမ်းဆောင်နေ သော ဆရာ ဆရာမများနှင့် ကျောင်းလာရောက် အပ်နှံသည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့ အစည်းများက လုံခြုံရေးဆောင် ရွက်ပေးလျက် ရှိသည့်အပြင် ကျောင်းသား ကျောင်းသူများ လုံခြုံ စိတ်ချစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်း သွားလာနိုင်ရန် အတွက် ကျောင်းကြို၊ ပို့ယာဉ်များ ကိုလည်း စီစဉ်ဆောင်ရွက်ပေး ထားသည်။
နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ အခြေခံပညာ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း အသီးသီး၌ ယနေ့တွင် ကျောင်း အပ်နှံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မူလတန်း အဆင့်၌ ၅၃၂၁၂ ဦး၊ အလယ်တန်း အဆင့်၌ ၁၇၅၁၁ ဦးနှင့် အထက် တန်းအဆင့်၌ ၇၇၇၁ ဦး စုစုပေါင်း ၇၈၄၉၄ ဦး လာရောက်အပ်နှံကြ ကြောင်း သိရသည်။
သန့်မင်း၊ ဓာတ်ပုံ-ကိုထိန်