နေပြည်တော် ဇူလိုင် ၆
၂၀၂၆ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် အားကစားရုံ၌ ကျင်းပရာ နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပိုက်ကျော်ခြင်းပြိုင်ပွဲ လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် သုံးဦးတွဲအဖွဲ့လိုက်ပြိုင်ပွဲနှင့် လေးဦးတွဲအဖွဲ့လိုက် ပြိုင်ပွဲတို့တွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသူများ၊ အမျိုးသားသုံးဦးတွဲပြိုင်ပွဲတွင် ပထမဆုရ တပ်ကုန်းမြို့နယ်အသင်း၊ ဒုတိယဆုရ ပျဉ်းမနားမြို့နယ်အသင်းနှင့် တတိယဆုရ ပုဗ္ဗသီရိမြို့နယ်အသင်း၊ လေးဦးတွဲ ပြိုင်ပွဲတွင် တတိယဆုရ ဇမ္ဗူသီရိမြို့နယ်အသင်း၊ ဒုတိယဆုရ တပ်ကုန်းမြို့နယ်အသင်းနှင့် ပထမဆုရ ပျဉ်းမနားမြို့နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)