
နေပြည်တော် ဇန်နဝါရီ ၁၇
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်း ကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက် ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များဖြစ်သည့် ဆရာတော်ကြီးများနှင့် ကာယကံရှင်၏ မိသားစုဝင်များရှိရာသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဂုဏ်ထူးဆောင်ဘွဲ့များ သွားရောက် ပေးအပ်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် သရေ စည်သူဘွဲ့ရရှိသည့် နေပြည်တော် ပျဉ်းမနားမြို့နယ် ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလ ဗုဒ္ဓိမထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး သရေစည်သူဘွဲ့တံဆိပ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်ထံမှ အနုမောဒနာ တရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် စည်သူဘွဲ့ရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒ မထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး စည်သူ ဘွဲ့တံဆိပ် နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေး ဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း) ဦးညွန့်မောင်ရှိန် (ကိုယ်စား) အမွေခံတူဖြစ်သူ ဦးတင်ဝင်းအောင်မိုး ထံသို့ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ရောက်ချီးမြှင့် အပ်နှင်းသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့်ဝန်ထမ်း အိမ်ရာများ သန့်ရှင်းသာယာလှပရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည် တော်အနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအစီအမံများကို လုံလောက်ပြည့်စုံ အောင် အချိန်မီဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်း အစီအမံ(၅)ရပ်ဖြစ်သည့် မော်တော်ယာဉ် အသုံးပြုရာ တွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်း သူများ အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်အသုံးပြု ရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူများ၊ နောက်မှ လိုက်ပါစီးနင်းသူများအနေဖြင့် အရည်အသွေး ပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံး ပြုရန်၊ မေးသိုင်းကြိုး မြဲမြံစွာတပ်ဆင်အသုံးပြုရန်၊ အရက်သေစာ မူးယစ်သောက်စား၍ မော်တော်ယာဉ် ကို မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ယာဉ်မောင်းနှင် နေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန်နှင့် မော်တော် ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် မြန်နှုန်း ထက်ပို၍ မောင်းနှင်ခြင်းမပြုကြရန် စသည့် အချက်များကို ပုံမှန်စစ်ဆေးကြပ်မတ်သွားကြရန် လိုကြောင်းနှင့် နေပြည်တော်ကို စံပြမြို့တော်အဖြစ် Clean City ၊ Green City ၊ Smart City ဖြစ်စေရေး သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက် လျက်ရှိရာ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပရေး အမြဲဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြ ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်