
နေပြည်တော် ဧပြီ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပွဲနှင့် သက်ကြီးဘိုးဘွားများ ကန်တော့ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်း အနားသို့ ဆရာတော် သံဃာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ အောင်စည်သာ ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြ ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ဖတ် သရဇ္ဈာယ်တော်မူသော အန္တရာယ် ကင်း ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး နေပြည်တော်ကောင်စီ ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဆရာတော်၊ သံဃာတော် အရှင် သူမြတ်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သုခဝိဟာရသရက်ကုန်း ကျောင်း တိုက် ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ ဆရာတော်ကြီး ထံမှ အနုမောဒနာ တရားနာကြား ကာ ရေစက်သွန်းချ အမျှဝေကြ သည်။
ထို့နောက် ဘိုးဘွားများ ကန်တော့ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက အဘိုး အဘွား ၆၀ ကို ကန်တော့ကြပြီး ဆေးဝါး၊ လူသုံး ကုန်ပစ္စည်းများနှင့် အလှူငွေများ ကို လှူဒါန်းကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ဆည်အတွင်း ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ရောက်ရှိပြီး ရွှေဝါ ငါးကြင်းအကောင်ရေ သုံးသောင်း၊ ထိုင်းငါးခုံးမ အကောင်ရေ နှစ်သောင်း စုစုပေါင်း ငါးအကောင် ရေ ငါးသောင်းကို ဇီဝိတဒါန ကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်