နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

================================================

နေပြည်တော် ဇန်နဝါရီ ၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ (၁၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော် ကြီး ငါးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။

 

အခမ်းအနားတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို နာယူကြည်ညိုကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပဋ္ဌာန်းစာအုပ်၊ ပဋ္ဌာန်းအိုးနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကြသည်။

 

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၆)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ပူဇော်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်