
နေပြည်တော် အောက်တိုဘာ ၂၇
အိမ်ခန်းပေါင်း ၁၀၀၀၀ ပါဝင်သည့် ပြည်သူ့အငှား အိမ်ရာစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး စီမံကိန်းပထမအဆင့်အနေဖြင့် အိမ်ခန်း ပေါင်း ၅၀၀၀ ကျော် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် အိမ်ခန်းပေါင်း ၄၄၈ ခန်း၊ ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း ၃၁၀၄ ခန်းနှင့် မန္တလေးမြို့တွင် အိမ်ခန်းပေါင်း ၁၄၅၆ ခန်းတို့ကို တည်ဆောက်လျက်ရှိကြောင်းနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောသည်။
ယမန်နေ့နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီး ဌာန၌ ကျင်းပသည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန(ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်း အဝေး(ယာပုံ)တွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်ပြီး ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် လမ်းပန်း ဆက်သွယ်ရေး သွားလာရခက်ခဲသည့်ကြားမှ မြို့ပြ နှင့် အိမ်ရာကဏ္ဍကို ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရန်အတွက် သင့်လျော် ကောင်းမွန်သည့် အိမ်ရာများ ဖြည့်ဆည်းနိုင်ရန် ဆိုသည့် ရည်မှန်းချက်ကို မူဝါဒနှင့်အညီ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက ဝင်ငွေနည်းပြည်သူများ အတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အရောင်းအိမ်ရာ စီမံကိန်းများအဖြစ် ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ဗန်း အိမ်ရာ၊ ယုဇနအိမ်ရာ၊ ကနောင်အိမ်ရာ၊ အောင်မြင့်မိုရ် နှင့် သီလဝါဥယျာဉ် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ကို ဆောက်လုပ်ရောင်းချပေးလျက်ရှိကြောင်း။
ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ သန့်ရှင်းသာယာပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် လူနေထိုင်မှုဘဝရရှိနိုင် ရေးနှင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မား တိုးတက်လာစေရေးအတွက် နိုင်ငံတကာအဆင့်မီ စက်မှုဇုန် စီမံကိန်းများကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် မင်္ဂလာဒုံစက်မှုဥယျာဉ်စီမံကိန်း၊ ကိုရီးယား - မြန်မာ စက်မှုဇုန်စီမံကိန်း၊ Yangon Amata Smart and Eco City ၊ နိုင်ငံတကာအဆင့်မီ ပန်းလှိုင်ဂေါက်ကွင်းနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာများအပြင် ပြည်သူ့ အငှားအိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအိမ်ရာ များကို ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခန်း ပေါင်း ၄၉၂ ခန်း တည်ဆောက်ပြီးစီးမှု၊ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်မှု နှင့် အိမ်ရာ လိုအပ်ချက်ဆိုင်ရာများကို လည်းကောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ဘဏ္ဍာရန်ပုံငွေ၊ စီမံ ခန့်ခွဲမှုနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ ရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်