
EV Charging Station များကို Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အမျိုးသား အဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံအတွင်း အပိုင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ EV Charging Station များ နိုင်ငံအတွင်း ဆောင်ရွက်နေမှု အခြေအနေနှင့် စပ်လျဉ်း၍ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေး နှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေးနဲ့ အခြေခံ အဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီအနေနဲ့ လက်ရှိမှာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို အရင်ဆုံး သိပါရစေ။
ဖြေ။ ။ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကနေ လျှပ်စစ်သုံး ယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေးနဲ့ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီကို ၂၀၂၂ ခုနှစ် ဇွန် ၇ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁/၂၀၂၂) နဲ့ ဖွဲ့စည်းပေးခဲ့ပါတယ်။ ပြီးတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၂) နဲ့ ဒီလုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
လုပ်ငန်းကော်မတီ အနေနဲ့ ဦးဆောင်ကော်မတီက စတင်တာဝန်ပေး တဲ့ အချိန်ကစပြီး ကော်မတီရဲ့ မူဝါဒ (၃) ရပ်နဲ့ လုပ်ငန်းစဉ် (၉) ခုကို ချမှတ်ပြီးတော့ လျှပ်စစ်ယာဉ်တွေအတွက် အခြေခံအဆောက်အအုံတွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးကို စတင်ဆောင်ရွက်ခဲ့ပါတယ်။
ပြီးတော့ Charging Station တွေ တည်ဆောက်ဖို့အတွက် ဦးဆောင်ကော်မတီရဲ့ လမ်းညွှန်မှုနဲ့အညီ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ တည်ဆောက် နိုင်မယ့် မြေနေရာတွေကို ရွေးချယ်သတ်မှတ်လျာထားခဲ့ပြီး ဦးဆောင် ကော်မတီထံ အဆိုပြုတင်ပြခဲ့ပါတယ်။
ဦးဆောင်ကော်မတီကနေ တင်ပြချက်မြေနေရာတွေကို စိစစ် ရွေးချယ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှာ EV ယာဉ်တွေ အတွက် Charging Station တွေ တည်ဆောက်ဖို့ နေပြည်တော်မှာ လေးနေရာ၊ ရန်ကုန်မြို့မှာ ငါးနေရာ၊ မန္တလေးမြို့မှာ ငါးနေရာနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ငါးနေရာ စုစုပေါင်း ၁၉ နေရာကို Pilot Project အနေနဲ့ စုစုပေါင်း ကုမ္ပဏီ ကိုးခုကို တာဝန်ခွဲဝေ သတ်မှတ်ပေးခဲ့ပါတယ်။
တာဝန်ပေးအပ်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ကားလေး ၁၀ စီး အားသွင်းနိုင်မယ့် Charging Station တွေနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ကားလေး ၁၀ စီးနဲ့ ကားကြီး လေးစီး အားသွင်းနိုင်မယ့် Charging Station ပုံစံ တွေကို လုပ်ငန်းကော်မတီက ရေးဆွဲပေးခဲ့ပါတယ်။ ပြီးတော့ ဦးဆောင် ကော်မတီရဲ့ အတည်ပြုခွင့်ပြုချက်နဲ့ လုပ်ငန်းကော်မတီက ကြီးကြပ်ပြီး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။
မေး။ ။ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ Charging Station တွေ တည်ဆောက်မှာ ဖြစ်တဲ့အတွက် တည်ဆောက်မယ့်နေရာနဲ့ ကားအားသွင်းနိုင်မယ့် အခြေအနေကို ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ နေပြည်တော်မှာဆိုရင် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၊ သပြေကုန်းဈေး၊ သုခတော်ဝင်အိမ်ရာရှေ့နဲ့ ဘောဂသီရိကား ဝင်းအတွင်း စုစုပေါင်း လေးနေရာကို EV ယာဉ်တွေအတွက် Charging Station တွေ တည်ဆောက်လျက်ရှိရာ N.P.K Motors Co.,Ltd က တည်ဆောက်နေတဲ့ သပြေကုန်း EV Charging Station ဆိုရင် မကြာမီ က ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် နေပြည်တော်အတွင်းမှာ EV Taxi ပြေးဆွဲခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါ တယ်။ ကားလေး ၁၀ စီး အားသွင်းဖို့ နေပြည်တော်အတွင်းက နေရာ သုံးနေရာကိုလည်း တာဝန်ပေးထားတဲ့ Grand Sirius Co.,Ltd နဲ့ AGAPE Love Co.,Ltd တွေကလည်း လုပ်ငန်းစတင်နေကြပြီဖြစ်ပြီးတော့ မတ်လအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်မှာ ဖြစ်ပါတယ်။
ရန်ကုန်မှာဆိုရင် ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ သခင်မြပန်းခြံ၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ရန်ကုန်ဘူတာကြီးရှေ့၊ မြောက်ဥက္ကလာပမြို့နယ်မှာ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်း၊ လှိုင်သာယာမြို့နယ်မှာ ဒဂုံ- ဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ သီရိမင်္ဂလာဈေး စုစုပေါင်း ငါးနေရာမှာ EV ယာဉ်တွေအတွက် Charging Station တွေကို တည်ဆောက်ဖို့ တာဝန်ပေးထားတဲ့ Chin Dwin Shan Co.,Ltd ၊ Essential Motors Co.,Ltd ၊ Myanmar Brilliance Auto Co.,Ltd နဲ့ Asia Pacific Automaker Corporation Co.,Ltd တို့က စတင်တည်ဆောက်နေကြပြီ ဖြစ်ပါတယ်။
မန္တလေးမြို့မှာဆိုရင် ပြည်ကြီးတံခွန်မြို့နယ်မှာ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း (အဟောင်း)(၁၁၄ လမ်းနဲ့ ကိုလံဘိုမြောင်းဘေး)၊ အောင်မြေသာစံမြို့နယ်မှာ ၁၄ လမ်းနဲ့ ၆၆ လမ်းထောင့် (ကျုံးပတ်လမ်း)၊ ချမ်းမြသာစည်မြို့နယ်မှာ သိပ္ပံလမ်း (၁၀၁) လမ်း တောင်ဘက်၊ ရေပေး ရေးဝင်းရဲ့ အနောက်ဘက် (ဆင်ဖြူကန်ကွင်း)၊ ချမ်းအေးသာစံမြို့နယ် မှာ ၃၅ လမ်းနဲ့ ပြင်ဦးလွင်-မန္တလေးမြို့ပတ်လမ်းထောင့်၊ အမရပူရ မြို့နယ်မှာ အိုးထုတ္တန်း (နှာပေါက်) (မြို့ပတ်လမ်းဘေးရှိ ပန်းခြံမြေနေရာ) စုစုပေါင်း ငါးနေရာကို EV ယာဉ်တွေအတွက် Charging Station တွေ တည်ဆောက်သွားမယ်။
ဒီလို တည်ဆောက်ဖို့ တာဝန်ပေးထားတဲ့ Myanmar Brilliance Auto Co.,Ltd၊ Asia Pacific Automaker Corporation Co.,Ltd နဲ့ Myanmar Construction & Development Infrastructure Co., Ltd တို့က စတင်တည်ဆောက်နေကြပြီဖြစ်ပါတယ်။ မတ်လအတွင်း ရာနှုန်း ပြည့်ပြီးစီးအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ တည်ဆောက်မယ့် Charging Station တည်နေရာနဲ့ အားသွင်းနိုင်မယ့် အခြေ အနေကိုလည်း ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ အမှတ် (၃) လမ်းဆုံတိုးဂိတ်အနီး မိုင် (၁/၀)၊ ဖြူးယာဉ်ရပ်နားစခန်း မိုင်(၁၁၅/၀)၊ နေပြည်တော်လမ်းဆုံ ယာဉ်ရပ်နားစခန်း မိုင် (၂၀၁/၁)၊ သီးကုန်းယာဉ် ရပ်နားစခန်း မိုင် (၂၈၄/၄) နဲ့ စကားအင်းယာဉ်ရပ်နားစခန်း မိုင် (၃၅၂/၃) စုစုပေါင်း ငါးနေရာမှာ EV ယာဉ်တွေအတွက် Charging Station တွေကို တည်ဆောက်သွားမယ်။
ဒီလို တည်ဆောက်ဖို့ တာဝန်ပေးထားတဲ့ Myanmar Brilliance Auto Co.,Ltd နဲ့ Earth Renewable Energy Co.,Ltd တို့က စတင်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ သူတို့လည်း မတ်လအတွင်း ရာနှုန်းပြည့် ပြီးစီးအောင် တည်ဆောက်မှာဖြစ်ပါတယ်။ ပြီးစီးသွားရင် တော့ အမြန်လမ်းပေါ်မှာရှိတဲ့ Charging Station ငါးနေရာလုံးမှာ ကားလေး ၁၀ စီးနဲ့ ကားကြီးလေးစီး တစ်ပြိုင်နက် Charging သွင်းနိုင် မှာ ဖြစ်ပါတယ်။
မေး။ ။ EV ယာဉ်တွေ အားသွင်းဖို့ လက်ရှိတည်ဆောက်လျက်ရှိတဲ့ Charging Station တွေအပြင် အခြားနေရာတွေမှာ အားသွင်းနိုင်အောင် စီစဉ်ထားတာရှိရင်လည်း ပြောကြားပေးစေလိုပါ တယ်။
ဖြေ။ ။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန စက်သုံးဆီ အရောင်းဆိုင်များ ကြီးကြပ်ရေးကော်မတီ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့နဲ့ လုပ်ငန်းကော်မတီ(၄) ကိုယ်စား လမ်းဦးစီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် ကိုယ်စားလှယ်တွေက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ စည်ပင်သာယာရေး နယ်နိမိတ် အတွင်းနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ အဆိုပြုထားတဲ့ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တွေကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ စက်မှုဝန်ကြီးဌာနက အဖွဲ့တွေနဲ့ ပူးပေါင်းစိစစ်ချက်လည်း ရှိပါတယ်။
ဒီလို စိစစ်ချက်တွေကို ဦးဆောင်ကော်မတီဆီ Charging Station ဆောင်ရွက်မှု အဆင့်အတန်းခွဲခြားပြီးတော့ တင်ပြခဲ့ပါတယ်။ ဒီလို တင်ပြမှုကို ဦးဆောင်ကော်မတီက ပထမအဆင့်အနေနဲ့ Garde-A အဆင့် ၃၈ဆိုင်မှာ ရန်ကုန်နယ်နိမိတ်အတွင်း ၂၄ဆိုင်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ခုနစ်ဆိုင်၊ နေပြည်တော် နယ်နိမိတ်အတွင်း ခုနစ်ဆိုင် ရှိပါတယ်။
ဒီ ၃၈ ဆိုင်အနက် 60 kW Dual Gun Charger တစ်လုံးစီ တပ်ဆင် မယ့် ၂၉ ဆိုင်၊ Charger နှစ်လုံးစီ တပ်ဆင်မယ့် ၅ ဆိုင်၊ Charger သုံးလုံး စီ လေးဆိုင်တို့အတွက် စုစုပေါင်း Charger ၅၁ လုံးကို ထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ခွင့်ပြုထားပြီးဖြစ်ပါတယ်။ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်တွေထံကို Charging Station ထည့်သွင်းတပ်ဆင်တည်ဆောက်မယ့် အစီအမံတွေကို တောင်းခံထား ပြီး တည်ဆောက်ခြင်းလုပ်ငန်းတွေကို သုံးလအတွင်း အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ အခုလက်ရှိ စတင်ဆောင်ရွက်နေတဲ့ Charging Station တွေက Pilot Project အနေနဲ့ စတင်ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေကိုလည်း ပြောကြားပေးပါ။
ဖြေ။ ။ EV Charging Station တွေကို Pilot Project အနေနဲ့ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပြီး ဦးဆောင်ကော်မတီရဲ့ လမ်းညွှန်မှုနဲ့ တစ်နိုင်ငံလုံးကို အပိုင်း အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
EV ယာဉ်တွေ တစ်နိုင်ငံလုံး ပြေးဆွဲအသုံးပြုနိုင်ဖို့အတွက် အဓိက လမ်းမကြီးတွေဖြစ်တဲ့ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ် လမ်း၊ ဘုရားကြီး-သထုံ-မော်လမြိုင် လမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်း၊ မိတ္ထီလာ-တောင်ကြီးလမ်း၊ မန္တလေး - ပြင်ဦးလွင် - လားရှိုးလမ်း စတဲ့ နိုင်ငံရဲ့ အသက်သွေးကြော လမ်းမကြီးတွေပေါ်မှာ Charging Station တည်ဆောက်ဖို့ ကြိုတင်လေ့လာမှုတွေကိုလည်း ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - သန်းမင်းအောင်၊ ဟိန်းမင်းစိုး
ဓာတ်ပုံ- မင်းမင်း