
နေပြည်တော် ဒီဇင်ဘာ ၉
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာ ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) မှ စတုတ္ထနှစ်ဘီဒီအက်စ် (၁/၂၀၂၀) သင်တန်း အောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူ ၃၅ ဦး၊ အလုပ်သင် ဆရာဝန်ခြောက်ဦးနှင့် အုပ်ချုပ်သူ ဆရာ ဆရာမ ငါးဦး စုစုပေါင်း ၄၆ ဦး ပါဝင်သော အဖွဲ့သည် ဒီဇင်ဘာ ၅ ရက် မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ သွားနှင့်ခံတွင်း ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သွားနှင့် ခံတွင်းရောဂါ ကုသပေးခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ အဖွဲ့သည် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ ဥတ္တရသီရိ မြို့နယ်နှင့် လယ်ဝေးမြို့နယ်များ သို့သွားရောက်ပြီး အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ လူဦးရေ ၁၀၂၆ ဦးအား ပညာပေးဟောပြော ခြင်း၊ ကျောင်းသား ကျောင်းသူ ၇၈၁ ဦးအား သွားနှင့်ခံတွင်း စစ်တမ်းကောက်ယူခြင်း၊ ပြည်သူ ၁၈၅၆ ဦးအား သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းဝေဒနာရှင် ၄၉၈ ဦးအား အခမဲ့ကုသပေးခြင်းများ ဆောင်ရွက်ကြသည်။
သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ် (ရန်ကုန်) အနေဖြင့် ကျောင်းသား ကျောင်းသူများ အတွေ့အကြုံသစ်များ ရရှိနိုင်ရန် နှင့် ဒေသအလိုက် သွားရောဂါ ဖြစ်ပွားမှုအခြေအနေ စစ်တမ်း ကောက်ယူရန်၊ ပညာပေးရန်နှင့် ဆေးရုံဆေးခန်းသို့ လာရောက်ရန် မလွယ်ကူသော ပြည်သူလူထု အတွက် သွားနှင့်ခံတွင်း စောင့် ရှောက်ခြင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်