
နေပြည်တော် ဒီဇင်ဘာ ၃
နေပြည်တော် လယ်ဝေးမြို့ရှိ စမတောင်မိဘမဲ့ဂေဟာ၌ မိဘမဲ့ ကလေးများနှင့် ဂေဟာတာဝန် ရှိသူများအတွက် ဆန်အိတ်ပေါင်း ၁၀၀၀ ကျော်နှင့် ကလေးငယ်များ စာသင်သည့်အခါ အသုံးပြု နိုင်ရန် စာရေးကိရိယာများကို ရောင်ပြန်မေတ္တာ အက်တမ်၏ စေတနာအစီအစဉ်ဖြင့် ဒီဇင်ဘာ ၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုနှင့် ပတ်သက်၍ အက်တမ်(ATOM)၏ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးဝင်းပိုင်ကျော်က “ကျွန်တော်တို့ ရဲ့ လှူဒါန်းမှုတွေကတစ်ဆင့် စမတောင် မိဘမဲ့ဂေဟာက လူမှု ရပ်ဝန်းလေးကို ပျော်ရွှင်မှုတွေ ယူဆောင် ပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကျွန်တော် တို့အနေနဲ့ မြန်မာငွေကျပ်သိန်း ပေါင်း ၇၀၀၀ ကျော်ကို ရောင်ပြန် မေတ္တာ အက်တမ်၏စေတနာ လှုပ်ရှားမှုအစီအစဉ်ပေါင်း ၂၀၀ ကျော်အတွက် ခွဲဝေအသုံးပြုဖို့ လျာထားပြီး လူပေါင်းနှစ်သိန်း ကျော်ကို အကျိုးပြုနိုင်ဖို့ ရည်ရွယ် ထားပါတယ်။ နောက်လာမယ့် ရက်သတ္တပတ် တွေမှာလည်း အခြား လူ့အဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ပေးသွားဖို့ရှိပါတယ်” ဟုပြောသည်။
အဆိုပါ စမတောင်မိဘမဲ့ ဂေဟာကို ဆန်အိတ် ၁၀၀၀ ကျော်၊ စားသောက်ကုန်ပစ္စည်း များနှင့် ကလေးများအတွက် စာရေးကိရိယာများ လှူဒါန်းခြင်း၊ စမတောင်ပေါ်ရှိ ဘုရားစေတီပုထိုး များသို့ လာရောက်ကြသည့် ဘုရားဖူး ပြည်သူများအတွက် ပဋ္ဌာန်းစာအုပ်များ လှူဒါန်းခြင်း၊ ကုန်တိုက်များ၊ စားသောက်ဆိုင် များနှင့် ဓာတ်ဆီဆိုင်များ၌ ကူပွန် လက်မှတ်များ ပေးဝေခြင်းအပြင် ATOM အသုံးပြုသူများအတွက် အခမဲ့ Voice Pack များနှင့် လက်ဆောင် ပစ္စည်းများလည်း လှူဒါန်းခဲ့သည်။ တန်ဆောင်တိုင် အများပြည်သူ ရုံးပိတ်ရက် ဖြစ်သည့် နိုဝင်ဘာ ၅ ရက်မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကား ဂိတ်နှင့် မန္တလေးမြို့ ကျွဲဆည် ကန် အဝေးပြေးကားဂိတ်များ တွင်လည်း ခရီးသွားများအတွက် အသွားအပြန် ကားလက်မှတ် များကို လှူဒါန်းခဲ့သည်။ အက်တမ် (ATOM) သည် ရောင်ပြန်မေတ္တာ အက်တမ်၏ စေတနာအစီအစဉ် ဖြင့် အလှူအတန်းများကို အောက်တိုဘာလမှ စတင်၍ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၇၀ ကျော်မှ လူမှုအသိုင်းအဝိုင်းများ အား လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်ဇော်
(မြန်မာ့အလင်း)