
ရန်ကုန် ဇွန် ၅
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်လျက် ရှိပြီး ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်များအားဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချခြင်းများကို ဆောင်ရွက်ပေးရန် အသိပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA ) က ဇွန် ၅ ရက်တွင် ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ နေ့စဉ်ရောင်းချရမည့် ရွှေဈေးနှုန်းကို တစ်နေ့သုံးကြိမ် သတင်းထုတ်ပြန်ပေးလျက်ရှိပြီး ရွှေရောင်းချ သည့်အခါတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် အသိပေးသည်ဟု YGEA ကထုတ်ပြန်ထားသည်။ ထို့အပြင် ထုတ်ပြန်ချက်အတွင်း ရွှေဆိုင်များကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် အသိပေးကြောင်း ဖော်ပြထား သည်။
သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်သည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
ရွှေစျေးအခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရွှေဆိုင် လုပ်ငန်းရှင်အချို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားမဝင် ရွှေအရောင်းအဝယ် ပြုလုပ်သူ ၂၁ ဦးကို ဇွန် ၂ ရက်တွင် ဖမ်းဆီးခဲ့သည့်အပြင် ရွှေဈေး မြင့်တက်ရန်အတွက် နောက်ကွယ်မှ ဆောင်ရွက်နေသည့် ဝိန့်စိန်ရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်တို့မှ တာဝန်ရှိသူများ အပါအဝင် ထွက်ပြေးတိမ်းရှောင်သူ ၁၀ ဦးကိုလည်း အရေးယူနိုင်ရေးဆောင်ရွက် နေကြောင်း သိရသည်။ MT