
ဦးစိုးပိုင်မြင့်
(လူမှုရေးရာဝန်ကြီး ၊ မကွေးတိုင်းဒေသကြီး)
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုင်းဒေသကြီး ဂုဏ်ပြုယာဉ်နဲ့ အတူ ရိုးရာယဉ်ကျေးမှုအဖွဲ့တွေက လှသော အညာမြေသီချင်းနဲ့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဂုဏ်ပြုယာဉ် ၄၆ စီးထဲမှာ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး က ပထဆုရရှိတဲ့အတွက် တိုင်းဒေသကြီးရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့လို့ အတိုင်းမသိဝမ်းသာပီတိ ဖြစ်မိပါတယ်။ မကွေးတိုင်းဒေကြီးဟာ နိုင်ငံရဲ့ အားကိုးရတဲ့ ရေနံတွင်းတွေ ပေါများတဲ့အတွက် ရေနံမြေဒေသလို့လည်း ပြောလို့ရပါတယ်။ ဂုဏ်ပြု ယာဉ်အမှတ် (၁) မှာ မကွေးတိုင်းဒေသကြီးအတွင်း မှာရှိတဲ့ ရေနံမြေတွေကို ကိုယ်စားပြုပြီး ရေနံတွင်း တူးစင်တွေ၊ ရေနံ စင်တွေ၊ ရေနံကန်တွေကို ပြသ ထားတာဖြစ်ပါတယ်။
ဂုဏ်ပြုယာဉ်အမှတ်(၂) မှာ ဗုဒ္ဓမြတ်စွာ ဘုရားရှင်ရဲ့အထက် ခြေတော်ရာ၊ အောက်ခြေတော် ရာကို ပြသထားပြီး မန်းရွှေစက်တော်ဘုရားကြီးကို မြန်မာနိုင်ငံအနှံ့ လှည့်လည်အပူဇော်ခံတဲ့အနေနဲ့ ယာဉ်ရဲ့ မုခ်ဦးအပိုင်းမှာ ဂုဏ်ပြုပူဇော်ထားပါတယ်။ မကွေးတိုင်းဟာ မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးဆိုတဲ့ အတိုင်း ယာဉ်ရဲ့ရှေ့ခန်းမှာ ဆီအိုးကြီးကိုလည်း ပြသထားပါတယ်။ ဆီအိုးကြီးရဲ့ အောက်ခြေ မှာတော့ မကွေးတိုင်းမှာရှိတဲ့ ခရိုင်ငါးခုပါတဲ့ မကွေးတိုင်းဒေသကြီး မြေပုံနဲ့ စလေရုပ်စုံကျောင်း က မြန်မာမှုအနုလက်ရာတွေကို ဖော်ပြထားပါ တယ်။ ဘေးပတ်ပတ်လည်မှာတော့ ဒေသထွက်ကုန် တွေဖြစ်တဲ့ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းဝါ၊ မြေပဲ၊ နေကြာ၊ ဝါတို့ကို သရုပ်ဖော်ပြသထားပါတယ်။ကျွန်တော်တို့ဒေသက ဝါအထူးအထွက်တိုးအောင် စီမံဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံ ဘဏ္ဍာ မြန်မာ့ဝါနဲ့ ချည်မျှင်ရှည် စိုက်ပျိုးတောင်သူ ဝင်ငွေတိုးဆိုတဲ့အတိုင်း ယာဉ်ရဲ့နောက်ပိုင်းမှာ ဝါတောင်းတွေ၊ ချည်မျှင်ရှည်ဝါတောင်းတွေကို ပုံဖော်ထားပါတယ်။ ယာဉ်ရဲ့ နောက်ပိုင်းမှာတော့ စက်မှုလုပ်ငန်းတွေမှာ ဆီကြိတ်စက်တွေနဲ့ကြိတ်နေ တာမှန်ပေမယ့် ရွာတွေမှာ ရိုးရာယဉ်ကျေးမှုအရ နွားနဲ့ကြိတ်တဲ့ ဆုံလည်တွေလည်း ရှိနေသေးတယ် ဆိုတာ သိစေချင်တဲ့အတွက် ပြသထားပါတယ်။ နောက်မှာတော့ ရက်ကန်းရက်တာ အစစ်ကို ဖော်ပြထားပါတယ်။ ဒီနေ့ ရက်ကန်းရက်တာ လူနှစ်ယောက်စာပြီးသွားပါပြီ။
ဂုဏ်ပြုယာဉ် အမှတ်(၃)မှာ မကွေးတိုင်းဒေသ ကြီးရဲ့ ရိုးရာတွေကို သရုပ်ဖော်ပြသထားတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဖြစ်တဲ့ ဗိဿနိုးပျူမြို့ဟောင်းဒေသကိုယာဉ်ရဲ့ မုခ်ဦး မှာ ဂုဏ်ပြုဖော်ပြထားပါတယ်။ တိုင်းဒေသကြီးအတွင်း ရှိ အထင်ကရနေရာတွေဖြစ်တဲ့ သမိုင်းဝင် မကွေး မြသလွန်ဘုရား၊ မင်းလှခံတပ်နဲ့ ကွေ့ချောင်းခံတပ် (ဂွေးချောင်းခံတပ်)တို့ကိုလည်း ဖော်ပြထားပါတယ်။ ကမ္ဘာမှာကျော်ကြားခဲ့တဲ့ မြိုင်ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းပြကွက်မှာတော့ မြေအိုးတွေနဲ့ ထမင်းချက် တဲ့ ပြကွက်၊ ကြက်ဖခွပ်တာတို့ကိုတော့ ရိုးရာယဉ်ကျေး မှုဓလေ့အနေနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။
မောင်ခွန်ဘုန်းမြတ်သွင်
(စစ်ကိုင်းဒေသကြီး ယဉ်ကျေးမှုအဖွဲ့)
ကျွန်တော်တို့အဖွဲ့ကတော့ စိန်ရတုပြည်ထောင်စု နေ့ အခမ်းအနားမှာ အောင်လံတဝေဝေ ရွှေစစ်ကိုင်း ဌာနေ သီချင်းနဲ့ ကပြဖျော်ဖြေပေးခဲ့ပါတယ်။ စစ်ကိုင်း တိုင်းဒေသကြီး ဂုဏ်ဆောင်အနေနဲ့ အခုလို စိန်ရတု ပြည်ထောင်စုနေ့ကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆင်နွှဲခွင့်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်ဆုံးရက်ဖြစ်တဲ့အတွက် ဒီနေ့မှာ ဗြောအက အပြင် အရင်ရက်တွေက ကပြဖျော်ဖြေခဲ့တာတွေနဲ့ မတူတဲ့ ကွဲပြားခြားနားတဲ့ အကတွေနဲ့ ကပြဖျော်ဖြေ တင်ဆက်သွားမှာပါ။ စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားတင်မကဘဲ ရတုအဆက်ဆက် ပါဝင်ဆင်နွှဲခွင့် ရချင်ပါတယ်။ ဒေသအသီးသီးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ဆုံဖို့ဆိုတာ မလွယ်ပါဘူး။ အခုလို တစ်နေရာတည်းမှာ တွေ့ရတဲ့အတွက် ဝမ်းသာ ပါတယ်။ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာတွေကို ဖော်ဆောင်ခွင့်ရတဲ့ အတွက်လည်း ပီတိဖြစ်မိပါတယ်။ ပြည်ထောင်စုဆိုတာ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ တစ်ဦးပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတွေနဲ့ ခွဲခြားဆက်ဆံတာတွေမရှိဘဲ စုပေါင်းနေထိုင်နိုင်တာကို ပြည်ထောင်စုစိတ်ဓာတ် လို့ ခံယူထားပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးကို ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ နွေးနွေး ထွေးထွေး ကြိုဆိုပေးကြတဲ့အတွက်လည်း တာဝန် ရှိသူတွေကို ကျေးဇူးတင်ပါတယ်။
မဥမ္မာမင်းခိုင်
(နေပြည်တော်လက်ဆောင်ပစ္စည်းဆိုင်)
ကျွန်မတို့ နေပြည်တော်လက်ဆောင်ပစ္စည်း ဆိုင်မှာ နေပြည်တော်ဒေသထွက်တင် ရောင်းတာ မဟုတ်ဘဲ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဒေသထွက်ကုန်တွေလည်းပါပါတယ်။ အခုရောင်းချ ပေးနေတဲ့ လက်ဆောင်ပစ္စည်းတွေကတော့ ပဲယို၊ ကတွတ်ယို၊ ပဲချောင်း၊ မြေပဲကြက်ဥ၊ မြေပဲစာဥ၊ မျှစ်ချဉ်၊ ဖရုံယို၊ ချင်းမန်ကျည်းဖလိပ်၊ ယိုကိုးမျိုး၊ ဝေဖာချောင်း၊ မုန့်ဩဇာ၊ ပုန်းရည်ကြီး၊ ကျောက်ဖရုံ ယို၊ မန်ကျည်းဖလိပ်၊ မုန့်ကြိုးလိမ်တို့ကို ရောင်းချ ပေးပါတယ်။ ရောင်းအားအကောင်းဆုံးကတော့ ယိုကိုးမျိုးပါ။ ဒီနေ့က ပွဲတော်နောက်ဆုံးရက်ဆိုတော့ လာရောက်ကြည့်ရှုတဲ့လူကလည်း များတော့ ယိုကိုးမျိုးက ရောင်းရတာ ကုန်သလောက်ဖြစ်နေပြီ။ မနေ့က မနက်ပိုင်းပဲ ရောင်းအားနည်းပြီး သုံးရက် အတွင်းမှာ ညနေပိုင်းတွေကတော့ အများဆုံးရောင်းရ ပါတယ်။ အစက ဒီလောက်ရောင်းရမယ်လို့ မမျှော်မှန်းထားဘူး။ အခုထိ ၁၅ သိန်းဖိုးလောက် ရောင်းရတယ်။ အခုလို တော်တော်များများလာရောက် အားပေးကြတဲ့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။
ဦးဆန်းဝင်း
(ဒုတိယဆုရ ရှမ်းပြည်နယ်ဂုဏ်ပြုယာဉ်)
ကျွန်တော်တို့ ဂုဏ်ပြုယာဉ်အမှတ်(၁) မှာ ယာဉ်ရဲ့ရှေ့ပိုင်းမှာတော့ ရှမ်းပြည်နယ်မြေပုံကို ဖော်ပြ ထားပါတယ်။ နောက်ပိုင်းမှာတော့ ပြည်ထောင်စု စိတ်ဓာတ် သန္ဓေတည်မွေးဖွားရာ ပင်လုံကျောက်စာ တိုင်ကို ဖော်ပြထားပါတယ်။ နောက်ပြီး ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်မှာရှိတဲ့ ဟိုက်ပါရေတံခွန်ကို သရုပ် ဖော်ပြထားပါတယ်။ ဂုဏ်ပြုယာဉ်အမှတ် (၂)မှာတော့ ရှမ်းပြည်နယ်က ထွက်ရှိတဲ့သီးနှံတွေကို ဖော်ပြ ထားပြီး ပြည်နယ်ရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ကွန်တို လက်ဘက်စိုက်ခင်းကို သရုပ်ဖော်ပြသထားပါတယ်။ ဘေးဘက်မှာတော့ အာလူးခင်း၊ လက်ဖက်ခင်းတို့ကို ဗီနိုင်းနဲ့ သရုပ်ဖော်ပြသထားပါတယ်။ ဂုဏ်ပြုယာဉ် အမှတ်(၃) မှာတော့ ရှမ်းပြည်နယ်နဲ့ ရိုးရာအမွေ အနှစ်တွေကို ဖော်ပြထားပါတယ်။ ရှေ့ပိုင်းမှာ ရှမ်းပြည်နယ်ရဲ့ သင်္ကေတဖြစ်တဲ့ ကိန္နရီ၊ ကိန္နရာ ရုပ်ကို သရုပ်ဖော်ပြသထားပြီး နောက်ပိုင်းမှာတော့ အင်းရိုးရာ ဆွမ်းပို့တဲ့လှေနဲ့ ငါးဖမ်းလှေကို ပြသ ထားပါတယ်။ အလယ်မှာတော့ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ကိုယ်စားပြုပြီး မီးပုံးပျံကို ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ တောင်ကြီးမြို့ရဲ့ အထင်ကရဖြစ်တဲ့ တောင်ချွန်းကို ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်အနေနဲ့ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမှာ ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်တွေနဲ့ အတူ နောင်အင်းလေးသီချင်းနဲ့ ပါဝင်ဆင်နွှဲခဲ့ပြီး ဒုတိယဆုကို ရရှိခဲ့ပါတယ်။ ဒုတိယဆုရရှိတဲ့အတွက် ကျွန်တော်တို့ ရှမ်းပြည်နယ်အတွက် ဂုဏ်ယူပါ တယ်။
ဒေါ်မြင့်အေး
(နန်းဩကျေးရွာ၊ ဇေယျာသီရိမြို့နယ်)
မနက်က ဥပုသ်စောင့်ပြီး ဂုဏ်ပြုယာဉ်တွေကို ခင်းကျင်းပြသတာ နောက်ဆုံးရက်လို့ သိရတဲ့ အတွက် အန်တီတို့အဖွဲ့ ၁၄ ယောက် လာရောက် ကြည့်ကြတာပါ။ အန်တီတို့က အသက်လည်း ကြီးပြီဆိုတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြို့တွေ ကို သွားရောက်လည်ပတ်ဖို့က မလွယ်တော့ အခုလို မြင်တွေ့ခွင့်ရတာ ဝမ်းသာတယ်။ အသက် ၅၅ နှစ်အတွင်းမှာ ဒီလိုယာဉ်တွေကို ပထမဆုံး မြင်ဖူးတာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကိုယ်မတွေ့ဖူး၊ မမြင်ဖူးတဲ့ အထင်ကရနေရာတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို တစ်နေရာ တည်းမှာ မြင်တွေ့ခွင့်ရလို့ ဗဟုသုတတွေလည်း ရပါတယ်။
ဦးစိုးအောင်
(တတိယဆုရ ဧရာဝတီတိုင်းဒေသကြီး
ဂုဏ်ပြုယာဉ်)
စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ပြု ယာဉ်အနေနဲ့ မမပုသိမ်သူ သီချင်းနဲ့ ကပြဖျော်ဖြေ ခဲ့ပါတယ်။ ဂုဏ်ပြုယာဉ်တွေကို ကွင်းကြီးထဲမှာ နေ့မနား ညမအား နေပူခံ၊ အအေးခံပြီး တည်ဆောက် ရေးလုပ်ငန်း၊ တပ်ဆင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရပေမယ့် တတိယဆုရရှိတဲ့အတွက် အဲဒီအမောတွေအားလုံး ပြေရပါတယ်။ ကျွန်တော် တို့ ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ပြုယာဉ် သုံးစီး ထဲကမှ အမှတ်(၁) ယာဉ်ကတော့ အဓိကဖြစ်ပါ တယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ ရှေးဟောင်း သမိုင်းဝင် မော်တင်စွန်းဘုရားကို ဒေသရဲ့အထိမ်း အမှတ်အဖြစ် ဖော်ပြထားပါတယ်။ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေတဲ့ ငွေဆောင်၊ ချောင်းသာ၊ ကမ်းသာယာ၊ ဂေါ်ရင်ဂျီကျွန်းတို့ရဲ့ ကမ်းခြေအလှတို့ကို ဖော်ဆောင်ပြသထားပါတယ်။ အမှတ်(၂) ယာဉ်မှာဆိုရင် စပါးရိတ်သိမ်းနေတဲ့ တောင်သူကြီးလင်မယားပုံနဲ့ နောက်မှာတော့ ခေတ်မီတဲ့ ရိတ်သိမ်းခြွေလှေ့စက်ကို အသုံးပြုပြီး ရိတ်သိမ်းခြွေလှေ့လို့ ထွက်လာတဲ့ စပါးတွေကို ခေတ်မီဆန်စက်ကြီးတွေနဲ့ကြိတ်ခွဲပုံ၊ ထွက်လာ တဲ့ဆန်တွေကို နိုင်ငံခြားတင်ပို့ပုံ စတာတွေကို အထူးပြုပြီး သရုပ်ဖော်ပြသထားပါတယ်။ အမှတ်(၃) ယာဉ်မှာ ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ရှေးနှစ်ပေါင်းများစွာက အထင်ကရဖြစ်တဲ့ ပုသိမ်ထီး၊ ပုသိမ်ဟာလဝါတို့ကို ဖော်ပြထား ပါတယ်။ ထွက်ကုန်တွေအပေါ် မူတည်ပြီးတော့ ယိမ်းအကနဲ့အတူ ပုသိမ်ထီး အကြီးတွေ၊ အသေး တွေနဲ့ ပုသိမ်ဟာလဝါတွေ၊ တိုင်းဒေသကြီးရဲ့ ထွက်ကုန်ပစ္စည်းတွေကို သရုပ်ဖော် ပြသထား ပါတယ်။