
မန္တလေး ဇန်နဝါရီ ၇
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကာလတွင် မန္တလေး ဈေးကွက်အတွင်း၌ အိန္ဒိယပို့ကုန်ဖြစ်သည့် မြေထောက်ပဲနှင့် တရုတ်ပြည်ပို့ကုန်ဖြစ်သည့် စမုံနက်နှမ်းများ ဈေးနှုန်းများမြင့်တက်ကာ အရောင်း အဝယ်သွက်နေ ကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
အဆိုပါ ပို့ကုန်များသည် ယခုနှစ်စကာလတွင် ဈေးကွက်အတွင်းသို့ အဖွင့်ဈေးကောင်းများဖြင့် စတင်ဝင်ရောက်လာကြောင်း၊ မြေထောက်ပဲသည် ပြီးခဲ့သည့်နှစ် ကာလတူအချိန်က သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ သာရှိခဲ့သော်လည်း ယခု စတင်ဝင်ရောက်ချိန်တွင် သုံးတင်းဝင်တစ် အိတ်လျှင် ကျပ် ၂၃၅၀၀၀ ဖြင့် ဈေးကောင်းရရှိ နေကြောင်း၊ ထိုအတူ စမုံနက်နှမ်းမှာလည်း ပြီးခဲ့ သည့်နှစ် ကာလတူအချိန်က သုံးတင်းဝင်တစ်အိတ် လျှင် ကျပ် ၁၈၅၀၀၀ ရှိခဲ့ရာမှ ယခုနှစ်စအချိန်တွင် သုံး တင်းဝင်တစ်အိတ်လျှင် ကျပ် ၂၇၀၀၀၀ ဈေးဖြင့် ဈေးနှုန်းများကောင်းမွန်ကာ အရောင်းအဝယ်သွက် နေကြောင်း သိရသည်။
မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့် က “အခုနှစ်စပိုင်းမှာပဲ မန္တလေးပဲဈေးကွက်ထဲမှာ အိန္ဒိယပို့ကုန်ဖြစ်တဲ့ မြေထောက်ပဲနဲ့ တရုတ်ပြည် ပို့ကုန်ဖြစ်တဲ့ စမုံနက်နှမ်းတွေ အမြင့် ဈေးနှုန်းများနဲ့ ဝင်ရောက်လာပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယ ပို့ကုန် မြေထောက်ပဲတွေဟာ ဧရာဝတီမြစ်ရိုး တစ်လျှောက် ဗန်းမော်၊ က သာ၊ ထီးချိုင့် စတဲ့ဒေသ တွေက စတင်ဝင်ရောက်နေပါပြီ။ တရုတ်ပြည်ပို့ကုန် ဖြစ်တဲ့ စမုံနက်နှမ်းတွေဟာလည်း ရွှေဘို၊ စလင်း၊ ဆင်ဖြူကျွန်း၊ မုံရွာ၊ ပခုက္ကူ၊ ထီးချိုင့်၊ တကောင်းစတဲ့ နယ်တွေက ဝင်ရောက်လာပါတယ်။ နှစ်စမှာတင် ဈေးတက်နေတာကြောင့် နောက်ပိုင်းမှာ အလားအလာ ကောင်းလာမှာပါ။ ဒီနှစ်အဖို့က သုံးနှစ်ကြာပိတ်ထား တဲ့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ကိုလည်း အခုလ ၈ ရက်မှာ စတင်ဖွင့်လှစ်တော့မယ် ဆိုတဲ့သတင်းကြောင့် အားလုံးဝမ်းမြောက်နေကြပါ တယ်။ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ဖွင့်လှစ်တော့ မှာဖြစ်တာကြောင့် စိုက်ပျိုးရေးပို့ကုန်တွေနဲ့ အခြား ပို့ကုန်တွေဟာ အလားအလာကောင်းမွန်နေပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် မန္တလေးပဲဈေးကွက်အတွင်း၌ မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၆၃၀၀၀၊ ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၆၄၀၀၀၊ နှမ်းဖြူသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၆၀၀၀၀၊ မြေပဲလုံးဆန်(အနီ)တစ်ပိဿာလျှင် ကျပ် ၇၃၀၀၊ ပြောင်းဖူးစေ့တစ်တင်းဝင် တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ စသည့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် သွက်နေကြောင်း သိရသည်။
မင်းထက်အောင်
(မန်းကိုယ်ပွား)