နှစ် (၁၅၀) ပြည့် ဂျပန်မီးရထားသမိုင်း

Type
1

 

 တက္ကသိုလ်မောင်ရူပ 

 

(ယမန်နေ့မှအဆက်) 


ဂျပန်နိုင်ငံရဲ့  မီးရထားအကြောင်းပြောကြရင် ရှင်ကန်ဆန်လို့ခေါ်ကြတဲ့   အမြန်ရထားပြေးဆွဲမှု ကလည်း  အဓိကအခန်းကဏ္ဍကနေ   ပါဝင်နေပါ တယ်။ ရှင်ကန်ဆန်အမြန်ရထားတွေဟာ ဂျပန် နိုင်ငံရဲ့ ရထားသမိုင်းမှာ  ကြီးမားတဲ့အပြောင်းအလဲ တွေကို  ဖော်ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာအချက်က     ဒီအမြန်ရထားတွေ တည်ဆောက်ဖို့     စတင်ကြံစည်ခဲ့တဲ့အချိန်က ဂျပန်နိုင်ငံဟာ  နယ်မြေသစ်တွေ    ချဲ့ထွင်နေတဲ့ ၁၉၃၉ ခုနှစ်မှာ ဖြစ်ပါတယ်။ မူလအစီအစဉ်အရ တစ်နာရီကို ကီလိုမီတာ ၂၀၀ အထိ  မောင်းနှင်နိုင် မယ့် ရထားလမ်းကို ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်းကနေ အာရှတိုက်ကမ်းခြေအထိ   ကိုရီးယားကျွန်းဆွယ် ကနေတစ်ဆင့်  ပင်လယ်ရေအောက်လမ်းကြောင်း ကနေ ပြေးဆွဲဖို့   ရည်ရွယ်ခဲ့တယ်လို့     သိရပါတယ်။ အာရှကမ်းခြေအထိရထားပြေးဆွဲဖို့ အစီအစဉ်ကို ဂျပန်နိုင်ငံဟာ ၁၉၄၄ ခုနှစ်မှာ စွန့်လွှတ်ခဲ့ပေမယ့် ပြည်တွင်းမှာ    ပြေးဆွဲနိုင်ဖို့အတွက်    Japan National Railways  (JNR) ကုမ္ပဏီက ဂျပန်နိုင်ငံ သားအင်ဂျင်နီယာ Hideo Shima က  ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

 


ရထားတွေရဲ့   ဖခင်ကြီးတွေလို့တောင်    တင်စားခေါ်ဝေါ်


Hideo Shima နဲ့ JNR ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Shinji Sogo တို့ဟာ ဂျပန်နိုင်ငံမှာ ရှင်ကန်ဆန် အမြန် ရထားတွေ လက်တွေ့ပြေးဆွဲနိုင်ဖို့ ကြိုးပမ်းအကောင် အထည်ဖော်ခဲ့တဲ့သူတွေဖြစ်လို့  ရှင်ကန်ဆန် အမြန် ရထားတွေရဲ့   ဖခင်ကြီးတွေလို့တောင်    တင်စား ခေါ်ဝေါ်ကြပါတယ်။ သူတို့နှစ်ဦးဟာ အရှိန်ပြင်းပြင်း နဲ့ရထားတွေ မောင်းနှင်ရာမှာ ရထားစီးနင်းသူတွေ အန္တရာယ်ကင်းရှင်းစေဖို့ လိုအပ်တဲ့  နည်းပညာပိုင်း ဆိုင်ရာ အဆင့်မြင့်လိုအပ်ချက်တွေကို  ဖော်ဆောင် ပေးခဲ့ကြပါတယ်။ အမြန်ရထားရဲ့ အဆင့်မြင့် အလို အလျောက်ထိန်းချုပ်စနစ်တွေ၊     ရထားတွဲတွေ အတွင်း   လိုအပ်တဲ့  လေဖိအားပေးအပ်မှုစနစ်တွေ အတွက်    နည်းပညာတွေကို    သူတို့နှစ်ဦးဟာ ဦးဆောင်ဖော်ထုတ် နိုင်ခဲ့ပါတယ်။ သို့သော်လည်း သူတို့ရဲ့ ကြိုးပမ်းမှုတွေဟာ လွယ်ကူခဲ့တာမဟုတ်ဘဲ စီမံချက် အကောင်အထည်ဖော်နေစဉ် သတ်မှတ် ဘတ်ဂျက်ထက်ကျော်လွန်ဆောင်ရွက်ခဲ့လို့ နှစ်ဦး စလုံး ၁၉၆၃ ခုနှစ် မှာ JNR ကုမ္ပဏီကနေ နုတ်ထွက် ခဲ့ကြရပါတယ်။ ဒါပေမယ့် ရထားစီးခရီးသည်တွေရဲ့ လုံခြုံစိတ်ချရမှုအတွက် လိုအပ်တဲ့နည်းပညာတွေ ဖော်ထုတ်ပေးနိုင်ခဲ့မှုအပေါ် သူတို့အနေနဲ့ ကျေနပ် အားရခဲ့ကြတယ်လို့ သိရပါတယ်။

 


ရှင်ကန်ဆန်အမြန်ရထားတွေကို ဂျပန်နိုင်ငံ တွင်း   စတင်ပြေးဆွဲနိုင်ခဲ့တာဟာ   ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ ဂျပန်နိုင်ငံက    အိမ်ရှင်အဖြစ်    လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဖွင့်လှစ်ဖို့ ၁၀ ရက်အလိုမှာ ဖြစ်ပါတယ်။   ဒီလို နည်းပညာသစ် ဆန်းတဲ့ ရှင်ကန်ဆန်ရထားနဲ့ ကမ္ဘာ့အိုလံပစ်တို့ကို အချိန်ကိုက်ဆောင်ရွက်ခဲ့ခြင်းဖြင့်  ဂျပန်နိုင်ငံဟာ နိုင်ငံတကာမျက်နှာစာကို အသွင်သစ်နဲ့ ပြန်လည် ဝင်ရောက်လာတယ်လို့   ဖော်ကျူးပြသလိုက်တာ ဖြစ်တယ်လို့ အဲဒီအချိန်က သတင်းစာဆရာတွေက သုံးသပ်ရေးသားခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ သမိုင်း ကြောင်းမှာ အထင်ကရ အမှတ်အသားတစ်ခုဖြစ်တဲ့ ရှင်ကန်ဆန်ရထားတွေဟာ ရထားပြေးဆွဲမှုသမိုင်း မှာလည်း လုံခြုံစိတ်ချရမှုစံချိန်ကို  ထိန်းသိမ်းထား နိုင်ခဲ့ပါတယ်။ အခုဆိုရင် ရှင်ကန်ဆန်အမြန်ရထား လမ်းကြောင်းတွေဟာ နိုင်ငံရဲ့ မြောက်ဘက်အကျ ဆုံး ဟော့ကိုင်းဒိုးကျွန်းနဲ့   တောင်ဘက်အစွန်ဆုံး ကျူးရှူးကျွန်းအထိ ဖောက်လုပ်နေပြီဖြစ်ပါတယ်။ ရှင်ကန်ဆန် အမြန်ရထားအပြင် maglev လို့ခေါ်တဲ့ သံလိုက်ဓါတ်သတ္တိစွမ်းအားနဲ့မောင်းနှင်တဲ့ အမြန် ရထားတွေလည်း ရှိလာပြီ ဖြစ်ပါတယ်။ 

 


ဒါကြောင့် ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်မှုဟာ နိုင်ငံတွင်းမှာ ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုနှုန်း (mobility rate) မြင့်မားမှု၊   ကုန်စည်သယ်ယူ ပို့ဆောင်မှု (logistics)၊ ဆက်သွယ်မှုတွေအပြင် နိုင်ငံရဲ့ စီးပွားရေးအပေါ်  များစွာအထောက်အကူ ပြုစေခဲ့တာ တွေ့မြင်နိုင်ပါတယ်။  သို့သော်လည်း ဂျပန်နိုင်ငံရဲ့     ရထားပြေးဆွဲမှုလုပ်ငန်းတွေဟာ အခက်အခဲတွေ၊   စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင် နေကြရတာ ဖြစ်ပါတယ်။ လောလောဆယ်အနေနဲ့ ၂၀၁၉ ခုနှစ် အကုန်ပိုင်းကနေ စတင်ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်- ၁၉ ကူးစက်ရောဂါ      ဖြစ်ပွားမှုနဲ့အတူ တစ်ဆက်တည်းဖြစ်ပေါ်လာတဲ့နိုင်ငံတွင်း အရေးပေါ် အခြေအနေ (State of emergency)    သတ်မှတ် ကြေညာခဲ့မှုကြောင့် ပြည်သူတွေရဲ့ ခရီးသွားလာမှု လျော့ကျလာမှုနဲ့အတူ    ဝင်ငွေလျော့ကျလာမှုကို ကြုံတွေ့နေရပါတယ်။ ရေရှည်စိန်ခေါ်မှုတွေအနေနဲ့ နိုင်ငံတွင်း   လူဦးရေလျော့နည်းလာမှုနဲ့   ပုဂ္ဂလိက မော်တော်ယာဉ်   ဝယ်ယူပိုင်ဆိုင်မှုနှုန်းထားတွေ တိုးတက်များပြားလာမှုတွေဟာ   ရထားပြေးဆွဲမှု လုပ်ငန်းအနာဂတ်အတွက် စိုးရိမ်ဖွယ်ရာတွေ  ဖြစ်ပါ တယ်။

 


လူမှုဘဝတွေကို စုစည်းပေါင်းစုံပေးတဲ့ ပလက်ဖောင်းတွေ ဖော်ဆောင်ပေးလျက်ရှိ


ဒါကြောင့် ရထားပြေးဆွဲမှုလုပ်ငန်းမှာ စီးပွားရေး ပုံစံသစ်   (New  business model)တွေ ထပ်မံ ဖော်ထုတ်ဖို့ကိုလည်း  ဂျပန်နိုင်ငံမှာ   စတင်စဉ်းစား ဆောင်ရွက်လာကြပြီ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ တော့ ဂျပန်နိုင်ငံရဲ့  ဘူတာရုံတွေဟာ  ရထားစီးဖို့သက်သက်ဆိုတာမျိုးမဟုတ်ဘဲ   လူမှုဘဝတွေကို စုစည်းပေါင်းစုံပေးတဲ့ ပလက်ဖောင်းတွေ(Platforms for connected lifestyles) ဖြစ်တယ်ဆိုတဲ့ အယူ အဆကို ဖော်ဆောင်ပေးလျက်ရှိပါတယ်။ တစ်နည်း အားဖြင့်  ဘူတာရုံတွေဟာ ပြည်သူတွေ၊ ထုတ်ကုန် ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို  စုစည်းပေါင်းစပ် ပေးထားတဲ့ဆုံမှတ်   (hub) တွေ   ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ ရထားပြေးဆွဲမှုလုပ်ငန်းတွေ ဟာ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုသမိုင်းကြောင်း၊ လူမှု ဆက်ဆံရေးသမိုင်းကြောင်းမှာ အဓိကအရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့တာကို    တွေ့မြင်နိုင်ပါတယ်။ 

 


တစ်ဆက်တည်း ရထားပြေးဆွဲမှုလုပ်ငန်းဟာလည်း စတင်ပြေးဆွဲခဲ့တဲ့ ၁၈၇၂ ခုနှစ်ကနဲ့စာရင် များစွာ ပြောင်းလဲခဲ့ပါတယ်။ ၁၈၇၂ ခုနှစ်မှာ ရှင်ဘာရှိဘူတာ မှာ   ရထားစီးမယ့် ခရီးသည်တွေ  လန်ချားပေါ်က ဆင်းလာကြတဲ့ပုံစံနဲ့   ယနေ့မျက်မှောက်ရှင်ဘာရှိ ဘူတာပုံစံတို့ဟာ လုံးဝကွဲပြားခြားနားနေပြီ ဖြစ်ပါ တယ်။ ဒီကနေ့ကနေ    နောက်နှစ်ပေါင်း (၁၀၀) လောက် ကြာလာတဲ့အချိန်မှာလည်း ရထားပြေးဆွဲမှု စီးပွားရေးပုံစံတွေ    ဘယ်လိုပြောင်းလဲ လာမလဲ ဆိုတာ နိုင်ငံရဲ့ ပြည်တွင်းဖြစ်ပေါ်မှု လက္ခဏာများ၊ နည်းပညာဆိုင်ရာ    တိုးတက်ပြောင်းလဲမှုများနဲ့ ချိန်ဆပြီး ပြုပြင်ပြောင်းလဲသွားကြရမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံ JR Groupမ ရဲ့ အကြီးဆုံးလုပ်ငန်းဖြစ်တဲ့ JR East ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သုံးသပ်ပြောကြားခဲ့ ပါကြောင်း တင်ပြလိုက်ရပါတယ်။          ။

ရည်ညွှန်း
    Where Japan’s railways stand after 150 years of evolution by Tim Hornyak (Japan Times Newspaper) 8-10-2022