နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အိပ်မက်လမ်းတစ်သွယ်(၂)

Type
၅

 

မြင့်စိုး(နတလ)

 

(အောက်တိုဘာ ၂၇ ရက်မှအဆက်)
 အိပ်မက်လမ်းနှင့် စပ်လျဉ်း၍
ခေတ်အဆက်ဆက်   အစိုးရအဆက်ဆက်   ဖြတ်သန်းကျော်ဖြတ် လာကြရင်း    ဆယ်စုနှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ကြရသည့်  ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသက မဂွေဇ-ခေါင်လန်ဖူး ကားလမ်းကြီး၊  တပ်မတော်၏အကူအညီဖြင့် နယ်စပ်ရေးရာဝန်ကြီး ဌာနက အောင်မြင်စွာဖောက်လုပ်ပေးနိုင်ခဲ့ပါပြီ။ MTA အဖွဲ့ အကြွင်းမဲ့ လက်နက်စွန့်ခဲ့ကြ၍ ၁၉၉၆ ခုနှစ်မှာ ကျွန်တော်တို့ကိုယ်တိုင် နယ်စပ် ဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ဖူးသော  ရှမ်း ပြည်နယ်တောင်ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဟိုမိန်း၊ မုန်းထော်/မုန်းထဒေသက ဒေသခံတိုင်းရင်းသားပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ကြသည့် သံလွင်မြစ်ကူး တာဆွတ်တိန်းတံတား ကြီး    ယခုစတင်ဆောက်လုပ်နေပါပြီ။ လူတိုင်းလူတိုင်းမှာ ဒေသတိုင်း မှာ အိပ်မက်များစွာရှိနေကြပါသည်။   မက်လည်း  မက်ခွင့်ရှိသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက်ဆိုလျှင် ကျွန်တော်သည်ပင် အိပ်မက်လူသားတစ်ဦးဖြစ်ခဲ့ဖူးသည်လေ၊   သည်ကိစ္စကို    အားလုံး သိအောင် လင်းပါအံ့။
လေရှီးမြို့တွင်   ကျင်းပပြုလုပ်ခဲ့သော  ၂၀၁၄ ခုနှစ်    နာဂရိုးရာ နှစ်သစ်ကူးပွဲတော်မှာ  သည်အိပ်မက်ကို   စတင်မက်ခဲ့ကြသည်ဟု   ကျွန်တော်မှတ်သားမိပါသည်။  ဒေသခံနာဂတိုင်းရင်းသားသွေးချင်း များ၏ တူညီသောစိတ်ဆန္ဒတစ်ခုမှာ  လေရှီး- လဟယ် မြို့နယ်ချင်းဆက် လမ်းတစ်သွယ်ဖောက်လုပ်ပေးဖို့၊ ဖြစ်နိုင်ပါက ရေခဲများဖုံးလွှမ်းနေ သော စာရာမေရိတောင်ကြီးရှိရာကို ဦးတည်ဖောက်လုပ်ပြီး ခရီးသွား လုပ်ငန်းဖြင့် နာဂဒေသကို အခြေတိုးမြင့်စေဖို့ စသည့်လိုအင်ဆန္ဒများ တဖွားဖွားပေါ်ပေါက်နေပြီဖြစ်သည်။ ကျွန်တော်တင်ပြခဲ့သည့်အတိုင်း နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ ကူညီပံ့ပိုးဆောင်ရွက်ပေးကြရသည့် အားလျော်စွာ ထိုစဉ်က ထိုခရီးစဉ် ကို    ဦးဆောင်ဦးရွက်ပြု၍ လာရောက်ခဲ့သူ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက    နှုတ်ခွန်းဆက်စကား ပြောကြား ရာ၌ “ကျွန်တော်တို့အဖွဲ့ ဒီကိုမလာခင် နန်းယွန်းမြို့ကို ရောက်ခဲ့ပါ တယ်။ နန်းယွန်းမြို့မှာ တံတားတစ်စင်းတည်ဆောက်ဖို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း က ခွင့်ပြုပေးခဲ့ပါပြီ။ အခု လေရှီး-လဟယ် မြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ရာမှာ  ပထမဆုံးကျော်ဖြတ်ရမယ့် နမ့်သလက်ချောင်းကူးတံတားတည်ဆောက်ရေးအတွက်လည်း   ခွင့်ပြုပေးပါတယ်” ဟု ကြေညာလိုက်ရာ အခမ်းအနားကျင်းပရာ   ပွဲခင်းကြီးတစ်ခုလုံးမှာ လက်ခုပ်သံတွေ၊ လက်ခေါက်မှုတ်သံတွေ သောသောညံသွားပါတော့ သည်။
 ရေတစ်တန် ကုန်းတစ်တန် သွားနေရသည့် လေရှီး-လဟယ်လမ်း
လေရှီးမှ လဟယ်သို့ပဲသွားသွား၊ လဟယ်မှ လေရှီးသို့ပဲလာလာ ကုန်းလမ်းခရီးတစ်တန် ရေလမ်းခရီးတစ်တန်  သွားနေကြရသည်။ လေရှီးမှ ထမံသီကျေးရွာသို့   ၄၀/၀  မိုင်ကို ကားဖြင့် လည်းကောင်း၊ ထမံသီမှ ခန္တီးခရီး ၈၂/၀ မိုင်ကို ရေကြောင်းခရီးဖြင့် လည်းကောင်း၊ ခန္တီး-လဟယ်ခရီး ၅၄/၀ မိုင်ကို ကားဖြင့်လည်းကောင်း   ကွေ့ပတ် သွားလာနေရသည်။ ရေလမ်းခရီးဆိုတာကလည်း အချိန်ကာလတိုင်း အဆင်ပြေနေသည်မဟုတ်၊ ချင်းတွင်းမြစ်ရေ တိမ်နေချိန်မှာ မော်တော် စက်လှေတွေ သောင်တင်နေတာမျိုးကို  ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ ရဖူးသည်။
ဤအကြောင်းတရားများကြောင့်ပဲ ဆိုကြပါစို့ရဲ့။  ၂၀၁၄ ခုနှစ်တွင် လေရှီး-လဟယ်မြို့နယ်ချင်းဆက်လမ်းအတွက်   မျှော်လင့်ချက် ရောင်ခြည်စတင်သမ်းလာသည့်အပေါ်    ဒေသခံတိုင်းရင်းသားများ ပျော်မည်ဆို ပျော်လောက်ပါပေသည်။   လေရှီးနာဂပွဲတော်မှအပြန် ကျွန်တော်ကိုယ်တိုင် လေရှီး- ထမံသီ ပဆငလမ်း  ၂၈  မိုင်လမ်းခွဲ နေရာသို့ သွားရောက်ခဲ့ပြီး နမ့်သလက်ချောင်းဘေးအထိ လိုက်လံ ကြည့်ရှုခဲ့ဖူးသည်။ ထိုအချိန်ကပင်  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ပုံငွေဖြင့် ရန်နွေးမှ နမ့်သလက်ချောင်းဘက်သို့ မြေလမ်း ၁၀ မိုင်ဖောက်လုပ်ပေးထားပြီး ဖြစ်ပါသည်။ သို့သော် လေရှီး-လဟယ် လမ်း ဖောက်ဖို့ရာမှာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ  မလုပ်ရ သေးပါ။ လမ်းအူကြောင်းကိုပင် သေချာဂဃနဏ မသတ်မှတ်ရသေး ပေ။ ဒေသခံခရီးသွားများ၏ အပြောအရ ချောင်းကြီးချောင်းငယ်များ ပေါများပြီး အချို့နေရာများတွင် မြင့်မားမတ်စောက်သော မြေအနေ အထားများ ရှိနေကြောင်း သိရှိရသည်။ ဆိုရသော် နမ့်သလက်ချောင်း ကူး ပေ ၄၀၀ တံတားကို    ခွင့်ပြုပေးခဲ့သော်လည်း  လက်တွေ့မှာ ဆောက်လုပ်နိုင်သော အခြေအနေမရှိသေးကြောင်း တွေ့ခဲ့ရသည်။ 
 ကွင်းဆင်းဆောင်ရွက်မှုများ
လေရှီး-လဟယ်မြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ရန်အတွက် ပထမဆုံး   ကွင်းဆင်းဆောင်ရွက်ခဲ့သောအဖွဲ့မှာ    နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ အဖွဲ့ဝင်လူမှုရေးတာဝန်ခံ  ဦးကာစီရန် ဦးစီးသော ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါသည့်အဖွဲ့ ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင်   လိုက်လံကြည့်ရှုခဲ့ကြခြင်း ဖြစ်ပြီး လေရှီးမြို့နယ်ဘက်မှ စတင်ရမည့်လုပ်ငန်း၊ လဟယ်မြို့နယ် ဘက်မှ စတင်ဖောက်လုပ်ရမည့် လမ်းပိုင်းများကို လျာထားသတ်မှတ် ခဲ့ကြသည်။   ထိုအချိန်မှစတင်ကာ   နယ်စပ်ရေးရာဝန်ကြီးဌာနက အိန္ဒိယအထောက်အပံ့ရန်ပုံငွေဖြင့် မြေလမ်းများ    ဖောက်လုပ်ခြင်း၊ Box culvert များ တည်ဆောက်ပေးခြင်းတို့ကို    ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးရန်ပုံငွေဖြင့်လည်း  မြေလမ်းများ စတင်ဖောက်လုပ် ခဲ့ကြသည်။
လမ်းအူကြောင်း မှန်ကန်စေရေးနှင့် ထပ်မံဖောက်လုပ်ပေးရမည့် လမ်းအခြေအနေ၊ တည်ဆောက်ပေးရမည့်တံတားကြီး၊   ငယ်အခြေ အနေများကို သိရှိစေရေးအတွက် ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံး (လဟယ်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း ဦးဆောင်သော အဖွဲ့(၁)သည် လဟယ်မြို့နယ်ဘက်ခြမ်းမှ   လည်းကောင်း၊  လေရှီး မြို့နယ်   ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ     လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လင်း (ယခု ပင်လယ်ဘူးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး) ဦးဆောင်သောအဖွဲ့(၂)သည် လေရှီးမြို့နယ်ဘက်ခြမ်းမှ လည်းကောင်း ၂၀၂၀ ပြည့်နှစ် မတ်   ၁၈ ရက်မှ ၂၃ ရက်အထိ   မြေပြင်ကွင်းဆင်း တိုင်းတာခဲ့ကြပါသည်။ 
 လေရှီး-လဟယ်လမ်းအခြေအနေ
ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းဦးစီးသော ကွင်းဆင်းတိုင်းတာ ရေးအဖွဲ့များ၏ GIS အမှတ်အသားများဖြင့် အသေးစိတ်  မှတ်သား တိုင်းတာချက်များအရ လေရှီး- လဟယ်မြို့နယ် ချင်းဆက်လမ်း အရှည်မှာ ၂၂၅/၄ မိုင် ဖြစ်သည်။ ထိုလမ်းကြောင်းတွင် ပါဝင်နေသော လေရှီး- ရန်နွေးလမ်း ၂၈/၀ မိုင်၊ လဟယ်-လောင်ငေါက် ၂၄/၀ မိုင်၊ ထန်ပါခွေ-ပါတွန်လမ်း ၁၉/၀ မိုင် တို့ကို  ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းကလည်းကောင်း၊ လောင်ငေါက်- ထန်ပါခွေလမ်း ၅၃/၀ မိုင်ကို    နယ်စပ်ရေးရာဝန်ကြီးဌာနကလည်းကောင်း၊   ရန်နွေး-နမ့်သလက် ၁၀/၀ မိုင်ကို တိုင်းဒေသကြီးမှလည်းကောင်း ဖောက်လုပ် ပေးပြီး ဖြစ်သည်။ ကျန်သောလမ်းပိုင်းများကို နယ်စပ်ရေးရာဝန်ကြီး ဌာန၏ ပြည်ထောင်စုရန်ပုံငွေ၊ အိန္ဒိယ အထောက်အပံ့ရန်ပုံငွေတို့ဖြင့် ဆက်လက် ဖောက်လုပ်ပေးခဲ့ရာ ယနေ့အထိ ဖောက်လုပ်ပြီးစီးမှုများနှင့် ဖောက်လုပ်ရန် ကျန်လမ်းပိုင်းအခြေအနေမှာ   အောက်ပါအတိုင်း ဖြစ်ပါသည် -
    (က)    လေရှီး - ရန်နွေး - မိုဒွန်ဖိုင် -   မိုဒွန်ကွက်သစ် -  မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်း - ဆားလင် - ပင်ပိုရွာဟောင်းအထိ ၈၅/၂ မိုင်အနက် ၇၅/၂ မိုင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ၁၀/၀ မိုင်သာ ကျန်ရှိပါသည်။ 
    (ခ)    လဟယ်-လောင်ငေါက်-ထန်ပါခွေ-ပါတွန်-စိန်ကြာညု-စိန်လာ-ပင်ပိုရွာဟောင်း ၁၄၀/၂  မိုင်အနက် ၁၂၂/၀ မိုင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ၁၈/၂ မိုင်သာ ကျန်ရှိပါသည်။
 တံတားကြီး/ငယ်နှင့် Box culvert များ တည်ဆောက်ပေးမှု
အထက်တွင် ရေးသားတင်ပြခဲ့သည့် လေရှီး-လဟယ်လမ်းတွင် တည်ဆောက်ပေးရမည့် တံတားကြီး၊ တံတားငယ်များ၊ Box culvert များ များစွာရှိနေပေရာ ဆောင်ရွက်ပြီးအခြေအနေမှာ ပေ ၁၀၀ တံတားတစ်စင်း၊ ပေ ၇၀ တံတားတစ်စင်း၊ ပေ ၃၀ တံတားနှစ်စင်းနှင့် Box culvert စုစုပေါင်း ၁၃၀ တို့ကို တည်ဆောက်ပေးထားပြီး ဖြစ်ပါ သည်။ ဆက်လက်တည်ဆောက်ပေးရမည့် တံတားကြီး၊ ငယ်ပေါင်း ၁၆ စင်း ကျန်ရှိနေပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကျန်ရှိ သော မြေလမ်း ၂၈/၂ မိုင်ကို ၂၀၂၂-၂၀၂၃  ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက်ဖောက်လုပ်ပေးမည်ဖြစ်ပြီး တံတားများကိုလည်း ဘဏ္ဍာ နှစ်အလိုက် လျာထားတည်ဆောက်ပေးမည် ဖြစ်ပါသည်။


 လမ်းအူကြောင်း ပြောင်းလဲသတ်မှတ်ပေး
စိန်ကြာညုကျေးရွာ၏ မြောက်စူးစူးတွင် ခန္တီး- လဟယ်လမ်း၏ ၁၈ မိုင်လမ်းခွဲမှ စတင်ဖောက်လုပ်ထားသော ၁၈ မိုင်လမ်းခွဲ-ထန်ပါခွေ ၅၄/၀ မိုင်ကားလမ်းကရှိနေပါသည်။  လေရှီး- လဟယ်မြို့နယ်ချင်း ဆက်လမ်း၏ မူလလျာထားချက်မှာ စိန်ကြာညုမှပါတွန်သို့ ဝင်ရောက် ပြီး ထန်ပါခွေဘက်သို့  ဆက်သွယ်ရန်ရည်ရွယ်ပါသည်။ သို့ရာတွင် ခန္တီး-လဟယ်လမ်းသို့   အနီးဆုံးနေရာမှ   ဖြတ်သန်းဝင်ရောက်နိုင်ရေး အတွက် မူလလျာထားချက်၌ ပါဝင်သော ပါတွန်သို့   မဝင်တော့ဘဲ စိန်ကြာညု- ကျွန်းစို- ကျောက်ရွက်- ခင်ပုန်း(ထန်းပုန်း)- ပါဆောင်- ကုန်းခေါင်လမ်းအတိုင်း ၁၈ မိုင်လမ်းခွဲသို့ ဝင်ရောက်မည် ဖြစ်ပါသည်။ ဤကဲ့သို့ လမ်းအူကြောင်း ပြောင်းလဲသတ်မှတ်ခြင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး   ထွန်းထွန်း နောင်၏ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း သွားရောက်ခဲ့သော နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခရီးစဉ်၌  စိစစ်ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်ပါသည်။
 အိပ်မက်လမ်းကို ကြိုဆိုပါသည်
ကျွန်တော်သည် နာဂတိုင်းရင်းသားတစ်ဦး ဖြစ်ခဲ့သည်ဆိုကြပါစို့။ လေရှီးမှ  လဟယ်- ဒုံဟီး- နန်းယွန်းဒေသများကို သွားဖို့ရာအတွက် ခန္တီးဘက်မှပြန်လှည့်ပြီး  ရေတစ်တန် ကုန်းတစ်တန်ဖြင့် အဘယ်မှာ သွားချင်ပါအံ့နည်း။ ဖြူးဖြူးဖြောင့်ဖြောင့်နှင့် မြန်မြန်ဆန်ဆန် သွားချင် ကြမည်မှာ နာဂတိုင်းရင်းသားသွေးချင်းများအားလုံး၏ ဆန္ဒအမှန်ပဲ ဖြစ်နေပါလိမ့်မည်။ သူတို့ဆန္ဒတွေပြည့်ဝစေဖို့ရာ  လေရှီး-လဟယ် မြို့နယ်ချင်းဆက်လမ်းကြီးက တဖြည်းဖြည်း ပုံပေါ်လာနေပြီဖြစ်၏။ ထိုက်သင့်သော    အချိန်တစ်ခုအထိတော့  စောင့်ကြရပါဦးမည်။ အကြောင်းကတော့ ရန်နွေးနှင့် စိန်ကြာနုအကြား ခန့်မှန်းမိုင် ၁၀၀ ကျော်အတွင်းမှာပင် တံတားကြီး၊ တံတားငယ်များ တည်ဆောက်ရပါဦး မည်။ နမ့်သလက်ချောင်း ပေ ၄၀၀၊ ကွန်ဒွန်ချောင်း ပေ ၄၀၀၊ ဟူးည ချောင်း ပေ ၃၀၀၊ စလတ်ချောင်း ပေ ၂၀၀၊ ပျားချောင်း ပေ ၁၅၀၊ တာဝိုင်ညုချောင်း ပေ ၁၅၀ တို့အပါအဝင်နှင့်  ပေ ၁၀၀ နှင့်အောက် တံတား ၁၀ စင်း တို့ ဖြစ်ပါသည်။
သို့သော် အိပ်မက်လမ်းကို လှမ်း၍မြင်နေရပြီဆိုတော့ကာ ဝမ်းပန်း တသာနှင့် သူတို့စောင့်ကြိုကြမှာ   သေချာပါသည်။ ထိုနည်းတူစွာ ၂၀၁၄ ခုနှစ်မှာ အိပ်မက်မက်ခဲ့ဖူးသော ကျွန်တော့်အနေဖြင့်လည်း မဝေးသောကာလမှာ “ကိုင်းအီလို” နာဂရိုးရာတေးအလှများ လွင့်ပျံ့ နေမည့် လေရှီး-လဟယ်မြို့နယ်ချင်းဆက်လမ်းကြီးကို စိတ်ကူးပုံဖော် ကြည့်ရင်း  ထပ်တူထပ်မျှ ဝမ်းသာဂုဏ်ယူလျက်ရှိပါကြောင်း...။     ။