
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ( ၇၅၉ /၂၀၂၃ )
၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်
( ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် )
ပြည်ထဲရေးဝန်ကြီးဌာနသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ ပုဒ်မခွဲ (က)အရ အပ်နှင်း ထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
၁။ ဤနည်းဥပဒေများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေ များဟု ခေါ်တွင်စေရမည်။
၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် “ကုန်သွယ်ရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “တားဆီးနှိမ်နင်းရေးကြီးကြပ်မှု အဖွဲ့” ဆိုသည့်စကားရပ်ကို “တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ “ပြည်သူ့ရဲတပ်ဖွဲ့” ဆိုသည့် စကားရပ်ကို “မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “ပြည်နယ်၊ တိုင်းရဲတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ကို “နေပြည်တော် ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး” ဆိုသည့် စကားရပ်ကို “မြို့နယ်ရဲတပ်ဖွဲ့မှူး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ပြည်သူ့ရဲမှုခင်းတပ်ဖွဲ့” ဆိုသည့် စကားရပ်ကို “မှုခင်းရဲတပ်ဖွဲ့” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ပြည်သူ့ရဲမှုခင်းတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ကို “မှုခင်းရဲတပ်ဖွဲ့မှူး”ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “ဒုတိယမှုခင်းတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ကို “ဒုတိယမှုခင်း ရဲတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ “ပြည်သူ့ရဲသတင်း တပ်ဖွဲ့” ဆိုသည့်စကားရပ်ကို “သတင်းရဲတပ်ဖွဲ့” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ “ဒုတိယသတင်းတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ကို “ဒုတိယသတင်းရဲတပ်ဖွဲ့မှူး” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “ကျန်းမာရေးဦးစီး ဌာန” ဆိုသည့်စကားရပ်ကို “ကုသရေးဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ “လူမှုဝန်ထမ်းဦးစီးဌာန” ဆိုသည့် စကားရပ်ကို “ပြန်လည်ထူထောင်ရေးဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း အသီးသီးအစားထိုးရမည်။
၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၂ တွင်-
(က) နည်းဥပဒေခွဲ (ဆ)၊ (ဇ)၊ (ဈ)၊ (ည) နှင့် (ဋ) တို့ကို အောက်ပါ အတိုင်း အစားထိုးရမည်-
“(ဆ) လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုကြီးကြပ်ရေး အဖွဲ့ဆိုသည်မှာ ဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (ဋ) အရ ဗဟို အဖွဲ့က ဖွဲ့စည်းပေးသောအဖွဲ့ကိုဆိုသည်။
( ဇ ) ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဆိုသည်မှာ နည်းဥပဒေ ၃ အရ ဖွဲ့စည်းထားသော ဆေးဝါးသုံးစွဲသူကုသရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဆိုသည်။
( ဈ ) ပြန်လည်ထူထောင်ရေးစခန်းဆိုသည်မှာ ဥပဒေ အခန်း(၆)ပါ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနအောက်ရှိ ပြန်လည်ထူထောင် ရေးစခန်းများကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ထဲ ရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးခဲ့သော ပြုစုပျိုးထောင်ရေးစခန်းများလည်း ပါဝင် သည်။
(ည) ဆေးဝါးသုံးစွဲသူကုသရေးဌာန ဆိုသည်မှာ ဆေးဝါး သုံးစွဲသူများအား ဆေးကုသရန် ကျန်းမာရေးဝန်ကြီး ဌာနက သတ်မှတ်သည့်ဆေးရုံ၊ ဆေးကုသဌာန သို့မဟုတ် ခွင့်ပြုချက်ပေးထားသည့် ဆေးကုဂေဟာ သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက အသိအမှတ်ပြု ထားသည့်ဆေးကုသဌာန သို့မဟုတ် ဆေးကုဂေဟာ ကို ဆိုသည်။
( ဋ ) ကာကွယ်တားဆီးနှိမ်နင်းရေးလုပ်ငန်း ဆိုသည်မှာ ဗဟိုအဖွဲ့နှင့် ဥပဒေပုဒ်မ ၇ အရ ဗဟိုအဖွဲ့က ဖွဲ့စည်း ထားသောလုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များ ကို ဆိုသည်။”
( ခ ) နည်းဥပဒေခွဲ (ဌ) ကို ပယ်ဖျက်ရမည်။
( ဂ ) နည်းဥပဒေခွဲ (ဍ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဍ) တာဝန်ခံဆရာဝန် ဆိုသည်မှာ ဆေးဝါးသုံးစွဲသူကုသရေး ဌာနတွင် တာဝန်ထမ်းဆောင်နေသော တာဝန်ခံဆရာဝန် ကို ဆိုသည်။”
၄။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ အခန်း(၂)၊ ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“ဆေးဝါးသုံးစွဲသူကို ဆေးကုသပေးခြင်း”
၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၃ နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များသည် ဆေးဝါးသုံးစွဲ သူအား ထိရောက်စွာကုသနိုင်ရေးအတွက် မိမိတို့နှင့် သက်ဆိုင်ရာဒေသအတွင်းရှိ ဆေးဝါးသုံးစွဲသူကုသရေးဌာန များ၌ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့များ ဖွဲ့စည်းပေးရမည်။”
၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၄။ (က) ဆေးဝါးသုံးစွဲသူသည် အသက် ၁၈ နှစ်ပြည့်ပါက မိမိ၏သဘောဆန္ဒအလျောက်ဖြစ်စေ၊ အသက် ၁၈ နှစ်မပြည့်သေးပါက မိဘ သို့မဟုတ် အုပ်ထိန်းသူနှင့် အတူလာရောက်၍ဖြစ်စေ ဆေးဝါးသုံးစွဲသူကုသရေး ဌာန၌ ဆေးကုသမှုခံယူရမည်။
( ခ ) ဆေးဝါးသုံးစွဲသူအား ဆေးဝါးကုသမှုပြီးဆုံးပါက ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်သင့်သည်ဟု ဆေးကုသရေးအဖွဲ့နှင့် ကြီးကြပ်ကွပ်ကဲမှုအဖွဲ့က ယူဆလျှင် ၎င်းအဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြရမည်။
( ဂ ) ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးဝါးသုံးစွဲသူအား သက်ဆိုင်ရာပြန်လည်ထူထောင်ရေးစခန်းသို့ လွှဲပြောင်း ပို့အပ်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ရမည်။
(ဃ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် ဆေးဝါးသုံးစွဲသူအား သက်ဆိုင်ရာပြန်လည်ထူထောင်ရေးစခန်း၌ ခြောက်လ ထိ ပြုစုပျိုးထောင်ပေးရေးလုပ်ငန်းများ ဆောင်ရွက် ပေးရမည်။”
၇။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၅ နှင့် ၆ တို့ကို ပယ်ဖျက်ရမည်။
၈။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၇။ ဆေးဝါးသုံးစွဲသူသည် ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာဆိုးကျိုးများကို လျှော့ချ ရန် ဆေးဝါးသုံးစွဲသူကုသရေးဌာနများထံမှ အောက်ပါ ဝန်ဆောင်မှုများ ရယူနိုင်သည်-
(က) တစ်ခါသုံးဆေးထိုးအပ်များ၊
( ခ ) အစားထိုးဆေးဝါးကုသမှု၊
( ဂ ) ခုခံအားကျဆင်းမှုကူးစက်ရောဂါ ရှိ မရှိ စစ်ဆေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးမှု၊
(ဃ) ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကုသဆေးများ၊
( င ) ကာလသားရောဂါ ကာကွယ်ကုသမှု၊
( စ ) ကွန်ဒုံးများ၊
(ဆ) ဆေးဝါးသုံးစွဲသူနှင့် ၎င်းတို့နှင့်လိင်ဆက်ဆံသူများအား သတင်းအချက်အလက်နှင့် ပညာပေးဆွေးနွေးမှုများ၊
( ဇ ) အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း၊
( ဈ ) တီဘီရောဂါကာကွယ်ခြင်းနှင့် ကုသခြင်း၊
(ည) ဆေးလွန်မှုကုသရန် ဆေးဝါးများ၊
( ဋ ) ကျန်းမာရေးဆိုင်ရာအသိပညာနှင့် လိုအပ်သော အကူအညီများ။”
၉။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၉။ အကျဉ်းထောင်တာဝန်ခံ သို့မဟုတ် ရဲစခန်းမှူးသည် တည်ဆဲ ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ချုပ်ထားခြင်းခံရသူ သို့မဟုတ် ပြစ်ဒဏ်ကျခံနေရသူသည် ဆေးဝါးသုံးစွဲကြောင်း စိစစ်သိရှိရပါက သက်ဆိုင်ရာတာဝန်ခံဆရာဝန်နှင့် ညှိနှိုင်း ၍ ဆေးကုသနိုင်ရန် ဆောင်ရွက်ပေးရမည်။”
၁၀။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၉ ၏နောက်တွင် နည်းဥပဒေ ၉-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“၉-က။(က) သက်ဆိုင်ရာရဲစခန်းမှူး အဆင့်အောက်မနိမ့်သော ရဲအရာရှိသည် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအား ပဏာမဆေးစစ်ချက် ခံယူစေရမည်။ ဆေးဝါးသုံးစွဲ ကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှုခံယူနိုင် ရန် ဆေးဝါးသုံးစွဲသူ ကုသရေးဌာနသို့ ဆောလျင်စွာ ပို့အပ်ရမည်။
( ခ ) သက်ဆိုင်ရာ ရဲစခန်းမှူးသည် ပဏာမဆေးစစ်ချက် ခံယူရန် ငြင်းဆန်ပျက်ကွက်သူကို ဖြစ်စေ၊ ဆေးဝါး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပြီး ဆေးကုသမှုခံယူ ရန် ပျက်ကွက်သူကိုဖြစ်စေ ခံဝန်ချုပ် ချုပ်ဆိုနိုင်ရန် မြို့နယ်တရားရုံးသို့ လျှောက်ထားရမည်။
( ဂ ) တရားရုံးသည် နည်းဥပဒေခွဲ(ခ)အရ လျှောက်ထား ခြင်းခံရသူအား ပဏာမဆေးစစ်ချက်ခံယူနိုင်ရေးနှင့် ဆေးကုသမှုခံယူနိုင်စေရေးအတွက် သတ်မှတ် ချက် များနှင့်အညီ ခံဝန်ချုပ် ချုပ်ဆိုစေရန် အမိန့်ချမှတ် နိုင်သည်။
(ဃ) တရားရုံးသည် ဆေးဝါးသုံးစွဲသူက နည်းဥပဒေခွဲ (ဂ) အရ ချမှတ်သော အမိန့်နှင့်အညီ ခံဝန်ချုပ် ချုပ်ဆို ခြင်းမပြုလျှင်ဖြစ်စေ၊ ချမှတ်သောခံဝန်ချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် ဖြစ်စေ ဆေးကုသမှုခံယူရေးနှင့် ပြုစုပျိုးထောင်ရေးတို့ အတွက် ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော သက်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစခန်းသို့ ခြောက်လပို့အပ်သည့်အမိန့်ချမှတ်ရမည်။
( င ) နည်းဥပဒေခွဲ (ဃ) အရ အမိန့်ချမှတ်ခြင်းခံရသူအား ပြန်လည်ထူထောင်ရေးစခန်းသို့ သက်ဆိုင်ရာရဲစခန်း က လိုအပ်သောအစီအမံဖြင့် ပို့အပ်ရမည်။
( စ ) ထိုသို့ပို့အပ်ခြင်းခံရသူသည် သက်ဆိုင်ရာပြန်လည် ထူထောင်ရေးစခန်းက သတ်မှတ်ထားသည့်ညွှန်ကြား ချက်များ၊ စည်းကမ်းချက်များနှင့်အညီ နေထိုင် ရမည်။
(ဆ) မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဆေးဝါးသုံးစွဲသူ သို့မဟုတ် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူနှင့် စပ်လျဉ်း၍ သတင်းပေးပို့လာပါက နည်းဥပဒေခွဲ (က) ၊ (ခ) တို့နှင့် အညီ ဆောင်ရွက်ရမည်။”
၁၁။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၁ဝ တွင်-
(က) နည်းဥပဒေခွဲ (က) ၌ ပါရှိသော “မှတ်ပုံတင်ပြီး” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။
( ခ ) နည်းဥပဒေခွဲ (ဃ) နှင့် (င) တို့ကို ပယ်ဖျက်ရမည်။
၁၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၁၁ တွင်-
(က) ခြေဆင်း၌ပါရှိသော “မှတ်ပုံတင်ခြင်း” ဆိုသည့် စကား ရပ်နှင့် “မှတ်ပုံတင်ပယ်ဖျက်ခြင်းလုပ်ငန်းများနှင့်” ဆိုသည့် စကားရပ်တို့ကို ပယ်ဖျက်ရမည်။
( ခ ) နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) ဗဟိုအဖွဲ့၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့များ၏ ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို တာဝန်ယူကြီးကြပ်ခြင်း၊”
( ဂ ) နည်းဥပဒေခွဲ (ခ) ၌ ပါရှိသော “ဆေးဝါးသုံးစွဲသူမှတ်ပုံတင် ဌာနနှင့်” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။
(ဆက်လက်ဖော်ပြပါမည်)