
မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ဆက်လက်ဆောင်ရွက်ရမည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အာဏာတည်နိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက်
နေပြည်တော် ဇွန် ၂၁
မူပိုင်ခွင့်ဆိုင်ရာ ဗဟို ကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယခုအစည်းအဝေးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပထမအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့(WIPO)တို့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့် အညီ နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်နိုင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါလိုအပ် ချက်နှင့်အညီ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ (၄)ရပ် ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှု ဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း။
အကောင်အထည်ဖော်ဆောင်ရွက်
မူပိုင်ခွင့်ဥပဒေ (၄)ရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ယခုနှစ် ဧပြီ ၁ ရက်က အာဏာ တည်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင် လက်ခံ၍ ယခုနှစ် ဧပြီ ၂၆ ရက်မှစတင်ဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကောက်ခွန် ဦးစီးဌာနနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ က မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်ကြော်ငြာစာများကို လည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ဆက်လက်ဆောင်ရွက် ရမည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ တို့ကို အာဏာတည်နိုင်ရေးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင် မူပိုင်ခွင့် ဆိုင်ရာ ပညာရှင်များကိုလည်း ရွေးချယ်ပြီးဖြစ်သည့် အတွက် ထည့်သွင်းဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် မူပိုင်ခွင့်ဥပဒေများ ပါ အခန်း ၄၊ ပုဒ်မ ၈ အရ အေဂျင်စီ၏ လုပ်ငန်းတာဝန် များကို ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ် ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအနေဖြင့် နိုင်ငံတော်၏ မူပိုင်ခွင့်စနစ်တည်ထောင်ရာတွင် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည့်အတွက် လိုအပ်သည့်ကဏ္ဍများ အလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။
ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တို့တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုန်သွယ်ရေးနှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာစာချုပ်ကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင် ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ကိုလည်း ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်း တည် ဆောက်ရာတွင် အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ခြင်းကို အခြား အဖွဲ့ဝင်နိုင်ငံများနည်းတူ လိုက်ပါဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည် စီးဆင်းမှုများ တိုးတက်စေရန်နှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သည့် မူပိုင် ခွင့်စနစ်များကို မိမိတို့ထက် ဆောလျင်စွာ ဖော်ဆောင် ကျင့်သုံးနေကြပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေ ဖြင့်လည်း အခြားသောအဖွဲ့ဝင်နိုင်ငံများနှင့် တန်းတူ ရင်ပေါင်တန်းဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်ကြ ရန်ကိုလည်း တိုက်တွန်းလိုကြောင်း၊ ထို့ပြင် အာဆီယံ ဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအနက် မူပိုင်ခွင့်ဆိုင်ရာနိုင်ငံတကာ သဘောတူ စာချုပ်များသို့ ဝင်ရောက်ခြင်းလုပ်ငန်းစဉ် တွင်လည်း အခြားနိုင်ငံများနည်းတူ ပါဝင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်
ယခုဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာ ဗဟို ကော်မတီတွင်ပါဝင်သည့် တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေသည့် မူပိုင်ခွင့်အကာအကွယ် ပေးခြင်းစနစ်တစ်ရပ်ကို ဖော်ဆောင်ကျင့်သုံးရာတွင် မိမိတို့နှင့် သက်ဆိုင်သည့်အခန်းကဏ္ဍများကနေ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဝန်ကြီးဌာန အနေဖြင့် မူပိုင်ခွင့်ကဏ္ဍတိုးတက်ရေးဆောင်ရွက် နေမှု၊ မူပိုင်ခွင့်ဥပဒေများ အတည်ပြုပြဋ္ဌာန်းခဲ့မှု၊ သက်ဆိုင်ရာဌာနများမှ နည်းဥပဒေများ ပြဋ္ဌာန်းနိုင် ရေးဆောင်ရွက်ခဲ့မှု၊ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များ ခန့်အပ်သွားမည့်အခြေအနေ၊ မူပိုင်ခွင့်အေဂျင်စီ ဖွဲ့စည်းထားရှိမှု၊ မူပိုင်ခွင့်များလျှောက်ထားလာမှုနှင့် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး များ၊ မြန်မာနိုင်ငံအနေဖြင့် မူပိုင်ခွင့်နှင့်ပတ်သက်၍ အနာဂတ်ကာလတွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင် ရေး ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ(၂/၂၀၂၂)ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာ အမှာစာများကို အစည်းအဝေးသို့ ဖတ်ကြားရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဒေါက်တာဝါဝါမောင်၊ ဦးရဲတင့်၊ ဒေါက်တာအောင်ကြီး၊ ဦးရင်မောင်ညွန့်၊ ဒေါက်တာ ဇော်မြင့်၊ ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ က သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် မူပိုင်ခွင့်ဆိုင်ရာ များ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
ဆုံးဖြတ်ချက် (မူကြမ်း)ကို အတည်ပြု
ယင်းနောက် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ( ၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက် (မူကြမ်း)ကို အတည်ပြုသည်။
ဆက်လက်၍ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်း လိုက်ကြောင်း သိရသည်။
သတင်းစဉ်