
မူဆယ် ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ ၂၀၂၃ ခုနှစ် ခရိုင်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် မူဆယ်မြို့ မိုးလုံ လေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ၂၀၂၃ ခုနှစ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်း များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်း၌ နေရာယူကြပြီး မူဆယ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အမှာစကားပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင်ကစားသမားများက အားကစား အဓိဋ္ဌာန်ရွက်ဆိုကြသည်။ ဆက်လက်ပြီး ခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင် ကစားသမားများအား လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲမစတင်မီ အကအလှပဒေသာများနှင့် ကပြဖျော်ဖြေကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ အားကစားသမားများ အလှည့်ကျ ယှဉ်ပြိုင် ကစားကြသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် မူဆယ်ခရိုင်အတွင်းရှိ မန်ဂျယ်အသင်း၊ ပန်ဆေး အသင်း၊ ဟိန်းရှင်းအသင်း၊ T.M.H Star (တာမိုးညဲ)အသင်း၊ နမ့်ခမ်းမြို့မအသင်း၊ လုံထန် အသင်း၊ တော်ဝင်ထျန်းရီအသင်း နှင့် Energy-အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် ပြီး ပြိုင်ပွဲဝင်အားကစားသမား ၆၄ ဦးတို့က ဩဂုတ် ၅ ရက်မှ ၉ ရက်အထိ ၅ ရက်တိုင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဩဂုတ် ၉ ရက်တွင် နောက်ဆုံးအဆင့်အထိ တက်ရောက်သော အ သင်းရှစ်သင်းအား ထပ်မံ ယှဉ်ပြိုင်စေလျက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ပူးတွဲတတိယဆု၊ တံခွန်စိုက် ဒိုင်းဆုကြီး၊ အကောင်းဆုံးအားကစားသမား ဆုနှင့်နည်းပြအကောင်းဆုံးဆုများကို ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် အားကစားသမားများ၏ကျန်းမာရေးကူညီစောင့်ရှောက် မှုကို မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် မူဆယ်မြို့နယ် မိုင်ယု(၁၀၅) မိုင် ခုတင် ၁၀၀၀ ကိုဗစ်ကုသရေး စင်တာမှ ဒေါက်တာအောင်ရဲကျော်နှင့်သူနာပြု ဆရာမများက ပြိုင်ပွဲအစမှ ပြီးဆုံးသွားသည် အထိ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
သန့်ဇင် (မြန်မာ့အလင်း)