မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်

 

နေပြည်တော်   မေ    ၂၄


ယနေ့မြန်မာစံတော်ချိန်   ညနေ  ၅  နာရီခွဲအချိန် တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် ဘက် ရေမိုင် ၃၁၀ ခန့်၊ သံတွဲမြို့၏ အနောက်-အနောက်တောင်ဘက်   ရေမိုင်  ၃၄၀  ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ခီပူပါရာမြို့၏   တောင်-အနောက်တောင်ဘက်   ရေမိုင်   ၃၇၀   ခန့်၊ အိန္ဒိယနိုင်ငံ        အနောက်ဘင်္ဂလားပြည်နယ်  ဆာဂါကျွန်း၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၃၅၀  ခန့်နှင့် ကန်နင်းမြို့၏ တောင်ဘက် ရေမိုင် ၃၈၀  ခန့်အကွာ  ပင်လယ်ပြင်ကို  ဗဟိုပြုနေ ပါသည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိပါသဖြင့်    အဝါရောင်အဆင့်ဟု    သတ်မှတ် သည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
 အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု ၁၅ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၉ ဒသမ ၀ ဒီဂရီတွင်ရှိပြီး   ဗဟိုချက်လေဖိအား   ၉၉၆ ဟက်တိုပါစကယ်နှင့်  အမြင့်ဆုံး  လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့်ဖြစ်သည်။
နောက်နာရီ ၆၀ အတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့ မြောက်ဘက်သို့   ဆက်လက်ရွေ့လျားနိုင်ပြီး   ပိုမို အားကောင်းလာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင်  ဘင်္ဂလားပင်လယ်အော်  အရှေ့ အလယ်ပိုင်း၌    ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်။ ထိုမှတစ်ဆင့် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ၂၆-၅-၂၀၂၄ ရက်နေ့ နံနက်အစောပိုင်းတွင်      အားကောင်းသော   ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာ နိုင်ကာ  ၂၇-၅-၂၀၂၄ ရက်နေ့ နံနက် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ခီပူပါရာမြို့နှင့်    ယင်းနှင့် ဆက်စပ်လျက်ရှိသော  အိန္ဒိယနိုင်ငံ  အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ     ဆာဂါကျွန်းတို့  အကြားမှ    ဖြတ်ကျော်နိုင်သည်ဟု    ခန့်မှန်းရ သည်။
သတိပေးနှိုးဆော်ချက်  
အဆိုပါ      မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ   ၂၇-၅-၂၀၂၄   ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊   တနင်္သာရီတိုင်းဒေသကြီး၊  ကချင် ပြည်နယ်၊  ချင်းပြည်နယ်၊  ရခိုင်ပြည်နယ်၊  ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာ များတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီး ခြင်းများနှင့်အတူ    လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။  မုတ္တမကွေ့၊  မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင်   ရံဖန်ရံခါ    မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၄-၅-၂၀၂၄ ရက်နေ့မှ ၂၅-၅- ၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေ ခန့် ရှိနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်      ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် ၂၄-၅- ၂၀၂၄ ရက်နေ့တွင် တစ်နာရီလျှင် မိုင်  ၄၀  မှ  ၄၅  မိုင်အထိ  တိုက်ခတ်နိုင်ပြီး  လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်၊ ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၆-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီ လျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး  လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆  ပေခန့် ရှိနိုင်သည်။  
အကြံပြုချက်  
သို့ဖြစ်ပါ၍    မုန်တိုင်းငယ်၏    အရှိန်ကြောင့် မိုးသည်းထန်စွာ   ရွာသွန်းခြင်းနှင့်အတူ   လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြို ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့်  ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊  ချောင်းငယ်များအနီးတွင်      နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့်  ပြည်တွင်းလေကြောင်းပျံသန်းရေး၊    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်    ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး  ငါးဖမ်းရေယာဉ် များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ