မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

 

နေပြည်တော် ဒီဇင်ဘာ  ၁
ယနေ့ ညနေ  ၅ နာရီခွဲအချိန်  တိုင်းထွာချက်များအရ  ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင်  ဖြစ်ပေါ်နေ သော  မုန်တိုင်းငယ်သည်  အနောက်-အနောက်မြောက်ဘက်သို့     ရွေ့လျားခဲ့ပြီး   မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်ဘက် ရေမိုင် ၇၆၀ ခန့်၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၅၂၅ မိုင် ခန့်၊ အိန္ဒိယနိုင်ငံ ပူဒူချယ်ရီမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၇၅ မိုင်ခန့်၊ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၈၀ ခန့်၊ နီလိုရီမြို့၏  အရှေ့တောင်ဘက် ရေမိုင် ၄၄၅ မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၈၀  ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
မုန်တိုင်းငယ်၏   လက်ရှိအခြေအနေမှာ   မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
 အဆိုပါ မုန်တိုင်းငယ်သည် ညနေ  ၅  နာရီခွဲတွင် မြောက်လတ္တီကျု ၉ ဒသမ ၆  ဒီဂရီနှင့်  အရှေ့လောင်ဂျီကျု  ၈၅ ဒသမ ၇ ဒီဂရီတွင်ရှိပြီး ဗဟိုချက်  လေဖိအား  ၁၀၀၀   ဟက်တိုပါစကယ်နှင့်   အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ဖြစ်သည်။
နောက် ၉၆ နာရီအတွင်း ခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး   ဒီဇင်ဘာ  ၂  ရက်တွင် အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊  ဒီဇင်ဘာ   ၃  ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း အားကောင်းလာနိုင်သည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ဒီဇင်ဘာ ၄ ရက်တွင် အိန္ဒိယနိုင်ငံ   အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေနှင့်   ယင်းနှင့် ဆက်စပ်လျက်ရှိသော   တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေတို့အနီးရောက်ရှိနိုင်ပြီးနောက်  အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေနှင့် အပြိုင် မြောက်ယွန်းယွန်းသို့ ရွေ့လျားကာ ဒီဇင်ဘာ ၅ ရက်တွင် အင်ဒရာပရာဒေ့ရှ်ပြည်နယ်ကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့တို့ အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
အကြံပြုချက်  
သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်း ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ 
    မိုး/ဇလ