
နေပြည်တော် ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းမြို့ရှိ မြို့မဈေးအတွင်းသို့ ဒီဇင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ပိုင်းတွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံး ခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ မုန်းမြို့ရှိ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းမှုနှင့် ဒေသခံ ပြည်သူများ၏ သတင်းပေးပို့မှုအရ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းတစ်ခန်းမှ ဂတ်စ်အိုးပေါက်ကွဲသဖြင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၃၈ ခန်းရှိသည့် အနက် ၂၁၀ ခန်း မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာ နေရာများသို့ မည်သည့်အခါမျှ ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းမရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အကြမ်းဖက်သောင်းကျန်းသူများ၏ ရန်မှ အစဉ်တစိုက် ကာကွယ်ပေးလျက်ရှိသည်။
ယခုဖြစ်စဉ်တွင်လည်း ဒေသခံပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်ရေး ဆောင်ရွက်နေမှုကို ထိခိုက် စေရန်အတွက် တပ်မတော်မှ ပစ်ခတ်သော လက်နက် ကြီးကျည်ကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်