
ရန်ကုန် ဩဂုတ် ၁၃
မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံပေါင်း ၃၀၀၀ ကျော်ရှိပြီဖြစ်ကာ ထပ်မံပါဝင်နိုင်ရေး နှိုးဆော်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်(MRF)မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ ပြောကြား ချက်အရ သိရသည်။
ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင် ရုံများအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း (Myan-mar Rice Online- MyRO) စနစ်တွင် မှတ်ပုံတင်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှစ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“Myanmar Rice Online - MyRO သိုလှောင်မှု မှတ်ပုံတင်တဲ့စနစ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စတင်ပြီး ဆောင်ရွက်ခဲ့တယ်။ ဩဂုတ် ၁၂ ရက်အထိ ဆိုရင် သိုလှောင်ရုံအရေအတွက် ၃၀၀၀ ကျော် တစ်နိုင်ငံလုံးမှာ မှတ်ပုံတင်တဲ့စနစ်ထဲ ပါဝင်လာပြီး ဖြစ်တယ်။
ထပ်မံပြီးတော့လည်း သိုလှောင်မှုမှတ်ပုံတင်တဲ့စနစ် မှာ သိုလှောင်ရုံတွေအားလုံး၊ သိုလှောင်မှုတွေပါဝင် နိုင်အောင် တိုက်တွန်းနှိုးဆော်ပြီးတော့ ဆောင်ရွက် နေတဲ့ အနေအထားဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ထို့အပြင် ဆန်ဆိုင်ခန်းများဖြင့် ဆန်ရောင်းချသူ များကိုလည်း သိုလှောင်မှုမှတ်ပုံတင်သည့်စနစ်တွင် ပါဝင်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သိုလှောင်ရုံတွေမှာ သတ်မှတ် ထားတာကတော့ နောက်ဆုံးဆန်ဆိုင်တွေကအစ သိုလှောင်မှုကို မှတ်ပုံတင်တဲ့စနစ်မှာထည့်ထားတယ်။ အသေးစား၊ အငယ်စားလေးတွေ အလျား ၁၀ ပေ၊ အနံပေ ၂၀ ပတ် ဆိုင်ခန်းလေးတွေနဲ့ ဆန်ရောင်းတဲ့ သူတွေကိုလည်း မှတ်ပုံတင်တဲ့ထဲတော့ထည့်ရမှာပေါ့။ ဒါပေမယ့် သူတို့အတွက်တော့ မှတ်ပုံတင်ကြေး မတောင်းဘူး။ ဒါပေမယ့် မှတ်ပုံတော့ တင်ရမှာပေါ့” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
အဆိုပါစနစ်ကို ဆောင်ရွက်ခြင်းက တစ်နည်း အားဖြင့်ပြောလျှင် ဆန်စပါးကဏ္ဍကို ခေတ်မီ Digital နည်းလမ်းများဖြင့် ပြောင်းလဲပြီး စီမံခန့်ခွဲရန် ပိုမို လွယ်ကူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်း၌ ဆန်စပါးဖူလုံရေးအပြင် ပြည်ပ သို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေးနှင့် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေး ထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် မှတ်ပုံတင်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
MT