
မယ်ထွေးလေး
လူသားတို့သည် မိမိတို့၏ ကာယ၊ ဉာဏ စွမ်းအား များပေါ်မူတည်၍ စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်လှုပ်ရှားကြရသည်။ ထိုသို့ ရုန်းကန်ကြ ရာတွင် ပစ္စည်းဥစ္စာပြည့်စုံ၍ စားဝတ်နေရေးတွင် မည်မျှပင် အဆင့်အတန်းမီမီ ကောင်းမွန်ပြည့်စုံစွာ နေထိုင်နိုင်သော်ငြားလည်း ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်စုံတစ်ရာ ချို့ယွင်းနေပါက အများနည်းတူ မစွမ်းဆောင်နိုင်တော့သဖြင့် ပင်ကိုစွမ်းဆောင်နိုင် သည့် အင်အားများ ယုတ်လျော့အားနည်းသည့် အခြေအနေနှင့် ကြုံတွေ့ရမည် ဖြစ်ပါသည်။ ထိုအချိန်တွင် မိသားစု ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ ဖေးမကူညီမှုဖြင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည် ကို ပြန်လည်မြှင့်တင်လာနိုင်ပေသည်။ နိုင်ငံတကာ တွင် မသန်စွမ်းသူများကို ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံချို့တဲ့ မျက်စိမမြင်သူ၊ နားမကြားသူ၊ ဉာဏ်ရည်မမီသူများဟု သတ်မှတ်ထားပါသည်။ တစ်နည်းဆိုသော် ကာယသုခချို့ယွင်းနေသူများဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသူများသည် မိသားစုနှင့် လူ့အသိုင်းအဝိုင်းက ဖေးမကူညီမှုမရှိဘဲ ပစ်ပယ်ထား ပါက သိမ်ငယ်စိတ်၊ အားငယ်စိတ်များ ဝင်လာကာ မိမိကိုယ်ကိုယ် အသုံးမဝင်၊ အရာမရောက်သူ လူပို တစ်ယောက်ဟုမှတ်ယူပြီး စိတ်ဓာတ်များကျဆင်း၍ စိတ္တသုခလူမှုရေးသုခများပါ ဆုံးရှုံးလာနိုင်ပေသည်။
ကိုယ်ချင်းစာတရားဖြင့်ကူညီစောင့်ရှောက်
မသန်စွမ်းသူများတွင် မွေးရာပါမသန်စွမ်းနှင့် မွေးဖွားစဉ်ကောင်းမွန်သော်လည်း အကြောင်းတစ်စုံ တစ်ရာကြောင့် မသန်စွမ်းဖြစ်ရသူဟူ၍ နှစ်မျိုး ရှိသည်။ မွေးရာပါမသန်စွမ်းဖြစ်ရခြင်းမှာ မိခင် ဖြစ်သူ၏ ကျန်းမာရေးအသိအားနည်းမှု၊ အာဟာရချို့တဲ့မှုတို့ကြောင့်ဖြစ်နိုင်ပြီး မွေးဖွားပြီး မသန်စွမ်း ဖြစ်ရခြင်းမှာ မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ သဘာဝဘေးအန္တရာယ်၊ စစ်မက်ရေးရာတစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင် သည်။ မည်သို့ပင်ဖြစ်စေ မသန်စွမ်းသူတို့၏ဘဝသည် ရုပ်နှင့်စိတ် တစ်ထပ်တည်းမကျနိုင်သည့်ဘဝမျိုး ဖြစ်သဖြင့် လူသားအချင်းချင်း ဖြူစင်မေတ္တာထား၍ ကိုယ်ချင်းစာတရားများဖြင့် အားပေးကူညီစောင့် ရှောက်ကြရမည်ဖြစ်သည်။
ယနေ့ကမ္ဘာတွင် လူဦးရေ သန်း ၈၀၀၀ ကျော် ရှိသည့်အနက် မသန်စွမ်းသူဦးရေမှာ သန်း ၁၀၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်းထုတ်ပြန်သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့အစီရင်ခံစာအရသိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းအရ ၂ ဒသမ ၃ သန်းကျော်မှာ မသန်စွမ်းသူများဖြစ်သဖြင့် နိုင်ငံ့ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းသည် မသန်စွမ်းသူ များဖြစ်သည်ကို တွေ့ရပါသည်။ ထိုပမာဏကို ကြည့်ခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ မသန်စွမ်းသူများ၏ အရေးကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ ဤမျှ များပြားလာသည့် မသန်စွမ်းသူများကို ကူညီဖေးမ စောင့်ရှောက်ရန်မှာ လူသားအားလုံး၏ အဓိက ကျသော တာဝန်တစ်ရပ်ဖြစ်လာသည်။
မသန်စွမ်းသူများ၏ စွမ်းဆောင်မှုများ
ကမ္ဘာပေါ်တွင် မသန်စွမ်းသူများအရေးကို ကြိုးစားဆောင်ရွက်နေသလို လူမှုရေးနယ်ပယ်စုံ တွင်လည်း အထူးနေရာပေးလာသည်ကို တွေ့မြင် နေရပေသည်။ မသန်စွမ်းသူများ၏ စွမ်းဆောင်မှု များကို ကမ္ဘာအရပ်ရပ်က စံနမူနာထားကာ ဖော်ထုတ်လျက်ရှိသည်။ ကမ္ဘာကျော်စာရေး ဆရာကြီး “ဟယ်လင်ကဲလား”သည် မျက်မမြင် နားမကြားသူတစ်ဦးဖြစ်၍ သိပ္ပံနယ်ပယ်တွင် ထင်ရှားသော “စတီဖင်ဟော့ကင်း” ဆိုသူမှာ ကိုယ်တစ်ပိုင်းသေနေသူ မသန်စွမ်းတစ်ယောက် ဖြစ်သည်။ ထိုသူများ၏ စွမ်းဆောင်ချက်များကို တစ်ကမ္ဘာလုံးက အံ့မခန်းလေးစား စံထားခဲ့ကြရ သည်။ ထိုသို့ မသန်စွမ်းသူများကို စွမ်းသန်လာ အောင် ကူညီစောင့်ရှောက်ရာတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ကုလသမဂ္ဂမသန်စွမ်း သူများဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်တွင် မသန်စွမ်းသူ များအား ကြိုတင်ကာကွယ်ခြင်း၊ ပြန်လည်ထူထောင် ခြင်း၊ အပြည့်အဝပါဝင်ခွင့်နှင့် တန်းတူရပိုင်ခွင့်တို့ကို တိုးမြှင့်နိုင်ရန်အတွက် ကမ္ဘာ့ပထမဆုံးသော မသန်စွမ်းရပိုင်ခွင့်ကို အခြေခံသည့် ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာကို ချမှတ်ခဲ့ပါသည်။ ထိုနေ့ကိုအထူးပြု ကာ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ကျင်းပသော (၄၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်အရ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” အဖြစ် အတည်ပြုသတ်မှတ် ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့သည်။ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည် အသွေး ပိုမိုဖွံ့ဖြိုးလာစေရေး၊ သန်စွမ်းသူများနည်းတူ တန်းတူညီမျှအခွင့်အရေးရရှိရန် ကြိုးပမ်း ဖော်ဆောင်ရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုကြစေရေးကို ရည်ရွယ်၍ မသန်စွမ်းသူများနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခင်က မသန်စွမ်းသူများနှင့် ပတ်သက်၍ မိသားစုအသိုင်းအဝိုင်းကြား လူမှုရေးနယ်ပယ်စုံ တွင် ဝဋ်နာကံနာရှိသူများ၊ ကံအကြောင်းမလှသူများ၊ လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသူများ အဖြစ် မှတ်ယူခဲ့ကြသည်၊၊ ယနေ့ခေတ်တွင်မူ နည်းပညာ ထွန်းကားတိုးတက်လာမှုနှင့်အတူ မသန်စွမ်းသူများအပေါ် ထားရှိသည့် သဘောထား အမြင်များမှာ များစွာပြောင်းလဲလာပြီဖြစ်သည်။
မသန်စွမ်းသူများကိုယ်တိုင် အခွင့်အရေးများ ရရှိခံစားရေး၊ မွေးရာပါဂုဏ်သိက္ခာများအား လေးစားတန်ဖိုးထားခံရရေးနှင့် မသန်စွမ်းသူတို့၏ဖွံ့ဖြိုးတိုးတက်မှုများတွင် အခက်အခဲအတားအဆီး များရှိနေကြောင်းကို အသိအမှတ်ပြုကာ ခွဲခြားဆက်ဆံခံရမှုများပပျောက်၍ တန်းတူညီမျှ အခွင့်အရေးရရှိစေရေးတို့အတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းအကောင် အထည်ဖော်လာပြီဖြစ်သည်။ မသန်စွမ်းသူများ အပေါ်ထားရှိသည့် စိတ်သဘောထားများနှင့် ဖြေရှင်းမှုပုံစံများကို ပြုပြင်ပြောင်းလဲနိုင်ရန် ရည်ရွယ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေး သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးက သဘောတူ လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည်။ ယင်းစာချုပ်အပိုဒ် (၁) တွင် မသန်စွမ်းသူဆိုသည်မှာ ပတ်ဝန်းကျင်ရှိအတားအဆီးများကြောင့် လူ့အဖွဲ့ အစည်းအတွင်း အများနည်းတူ အပြည့်အဝ ထိရောက်စွာ ပါဝင်ဆောင်ရွက်မှုမပြုနိုင်သော ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း သို့မဟုတ် အာရုံခံစားမှုပိုင်းဆိုင်ရာ ရေရှည်ချို့ယွင်းချက်ရှိသူများကို ဆိုလိုခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုး
မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက် နေ့တွင် လက်မှတ်ရေးထိုးပါဝင်ခဲ့ပါသည်။ မသန် စွမ်းသူများကို ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင် ရေးအတွက် “မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ” ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြဋ္ဌာန်း၍ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂ (က) တွင်လည်း နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှု စောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ယင်းပြဋ္ဌာန်းချက်၏ အနှစ်သာရကို လူမှုဝန်ထမ်း ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက် ပေးနေသကဲ့သို့ လူမှုရေးအသင်းအဖွဲ့များကလည်း တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ထို့ပြင် မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ နိုင်ငံတော်အဆင့် အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ အမျိုးသားကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံချက်၊ အာဆီယံမဟာဗျူဟာလုပ်ငန်း အစီအစဉ် (၂၀၂၅) နှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ငါးနှစ်စီမံကိန်း (၂၀၂၂ - ၂၀၂၇)ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။
သင်တန်းများအခမဲ့သင်ကြားပေး
မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့် အရေးများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ သဘောဝဘေးနှင့် အခြားအရေးပေါ် အခြေအနေများ၊ မသန်စွမ်းအမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သတင်းအချက်အလက် နည်းပညာနှင့် လွယ်ကူစွာ သွားလာနေထိုင်အသုံးပြု နိုင်ရေး၊ တရားမျှတမှုရပိုင်ခွင့်၊ သုတေသနနှင့် စောင့်ကြည့်အကဲဖြတ်ရေးဆပ်ကော်မတီ (၉) ခုကို လည်း ဖွဲ့စည်းထားခဲ့ပါသည်။ မသန်စွမ်းသူများ၏ အခြေခံအခွင့်အရေးများရရှိရေးနှင့် မသန်စွမ်းသူ တို့ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မသန်စွမ်းသူ များ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူ အမြင်မသန်စွမ်းသူများဟူ၍ မသန်စွမ်းအဆင့် အလိုက် သင်တန်းကျောင်း အခြေပြုစောင့်ရှောက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရှိခဲ့ပါသည်။ လူမှု၀န်ထမ်းဦးစီးဌာနက ဦးစီး၍ မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည် နိုင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေ ရရှိရေးအတွက် အကြောပြင်အနှိပ်သင်တန်း၊ ဗေဒင် သင်တန်း၊ ကြိမ်ထိုးသင်တန်း၊ ဇာထိုး၊ ပန်းထိုး၊ ကွန်ပျူတာ၊ ပန်းအလှပြင်၊ စက်ချုပ်သင်တန်း၊ ဓာတ်ပုံ၊ ဆံသ၊ တံဆိပ်ရိုက်၊ စက်ချုပ်၊ အီလက် ထရွန်နစ် သင်တန်းများကိုလည်း အခမဲ့သင်ကြား ပေးလျက်ရှိသည်ကို တွေ့ရသည်။
ထို့ပြင် မသန်စွမ်းကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ(ရန်ကုန်)၊ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း(ရန်ကုန်)၊ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း(မန္တလေး)၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း (ရန်ကုန်)၊ စစ်ကိုင်းမျက်မမြင် ကျောင်း (စစ်ကိုင်း)၊ နားမကြားကလေးများကျောင်း (ရန်ကုန်)၊ နားမကြားကလေးများကျောင်း (မန္တလေး)၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) ဟူ၍ သင်တန်းကျောင်း ရှစ်ကျောင်းကို ဖွင့်လှစ် ထားပြီးဖြစ်သည်။
ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးသော် လည်း စွမ်းအင်မဆုံးရှုံးကြောင်းကို လက်တွေ့ပြနိုင် ရန်အတွက် မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ကို ဖွဲ့စည်းထားပြီး နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်သော မသန်စွမ်းအားကစားသမားများကို မွေးထုတ်ပေး လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဆိုလိုမြို့တွင် ကျင်းပသော (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း သူများ အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစားသမား ၆၉ ဦးက ပြေးခုန်ပစ်၊ ရေကူး၊ မသန်စွမ်းဘောလုံး၊ အလေးမ အားကစားနည်းများ တွင် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုဖြင့် စုစုပေါင်းဆုတံဆိပ် ၄၃ ဆုကို ဆွတ်ခူးခဲ့ပြီး မြန်မာမသန်စွမ်းသူတို့၏အစွမ်းကို ကမ္ဘာက သိအောင် ပြသနိုင်ခဲ့သည်။
နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အရင်း မပျောက်မတည်ငွေ သုံးဘီလီယံကို တိုးပွားအောင်ဆောင်ရွက်ပြီး မသန်စွမ်း အဖွဲ့အစည်းများသို့ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေးတို့ကို ဆောင်ရွက်လျက် ရှိသည်။ မသန်စွမ်းမှု အဆင့်အလိုက် သတ်မှတ်၍ လိုအပ်သည့် ပံ့ပိုးမှုများ သိရှိပံ့ပိုးနိုင်အောင် လုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် များအလိုက် မသန်စွမ်းသူများမှတ်ပုံတင် ခြင်းဖြင့် မသန်စွမ်းသူများအပေါ် ကူညီ ထောက်ပံ့မှုများ ထိရောက်စွာဆောင်ရွက် ပေးနိုင်ရန် စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိသည်။ မသန်စွမ်းသူများ လျော့နည်းပပျောက်အောင် အမျိုးသား ကျန်းမာရေးကော်မတီက ဦးဆောင်၍ အာဟာရချို့တဲ့မှုကြောင့်လူစဉ်မမီ မသန် စွမ်းကလေးငယ်များ မပေါ်ပေါက်ရေး အိုင်အိုဒင်းဓာတ်ချို့တဲ့၍ ဉာဏ်ရည်နိမ့်ကျ သော ကလေးငယ်များ မပေါ်ပေါက်ရေး အတွက် အမျိုးသားလှုပ်ရှားမှု အသွင်ဖြင့် အမျိုးသားကာကွယ်ဆေး တိုက်နေ့များ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
တစ်ဖက်မှလည်း သားသည်မိခင် များ ကျန်းမာရေးအသိရှိအောင် ဆောင် ရွက်ပေးပါက မသန်စွမ်းကလေးငယ် များ လျော့နည်းပပျောက်သွားနိုင် သဖြင့် ရင်သွေးငယ်များ အာဟာရချို့တဲ့မှု မရှိစေရေးအတွက် အခြေခံပညာကျောင်း များတွင် စေတနာရှင်များက အာဟာရ ဒါန လှူဒါန်းပေးခြင်း၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဟောပြော ဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များက ပိုမိုပူးပေါင်း၍ လုပ်ဆောင်ပေးရန် လိုအပ်ပေသည်။ မတော်တဆ ထိခိုက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခြင်း၊ စစ်မက်ဖြစ်ပွားမှု ကြောင့် မသန်စွမ်းဒုက္ခိတများ လျော့ နည်းပပျောက်စေရန် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များ ကြိုး ပမ်းအကောင်အထည်ဖော် လုပ်ဆောင် ခြင်းများ ဆောင်ရွက်သွားကြရပေမည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ပြီး သစ္စာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ရှေးယခင်ကတည်းကပင် မသန်စွမ်းသူ များကို မည်သည့်အဖွဲ့အစည်း၏ တိုက်တွန်းနှိုးဆော်မှုမှမပါဘဲ မြန်မာ့ ဓလေ့ထုံးတမ်းအရပင် မိဘ၊ ဆွေမျိုး၊ ရပ်ရွာ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်း၊ ခိုကိုးရာရိပ်သာစခန်းများတွင် ထားရှိကာ တတ်အားသရွေ့ဖေးမကူညီစောင့်ရှောက်ကြသည်ကို တွေ့မြင်ကြ ရမည် ဖြစ်သည်။
မြန်မာ့လူ့ဘောင်အဖွဲ့အစည်းသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုနှင့် အတူ မြန်မာတို့၏စိတ်နေစိတ်ထားများ သည်လည်း ကြီးသူရိုသေ၊ ရွယ်တူ လေးစား၊ ငယ်သူကိုသနား ညှာတာသည့် စိတ်ထားများ အစဉ်ကိန်းအောင်းနေ သည်ဖြစ်ရာ မသန်စွမ်းသူများကို လူမှု အသိုင်းအဝိုင်းတွင် ပစ်ပယ်မထားဘဲ အားပေးကူညီလျက်ရှိသည်။ မသန်စွမ်း သူများကို စွမ်းသန်လာအောင် အားပေး ကူညီကြရမည်။ လက်တွဲခေါ်ယူ ဖေးမ ကြရမည်။ နောင်လာမည့်အနာဂတ်တွင် မသန်စွမ်းသူများအတွက် စိတ်ပိုင်း ဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာကြံ့ခိုင်လာနိုင်စေမည့် နည်း လမ်းများကို ရှာဖွေကြံဆပေးကြရမည် ဖြစ်သည်။ ထိုသို့ဖြင့် မသန်သော်လည်းစွမ်းသူများအဖြစ်သို့ ရောက်အောင် ဖြူစင်မေတ္တာထား၍ လက်တွဲကူညီ ဖေးမကြရန် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ကြောင်း ရေးသားရင်းဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုလိုက်ရ ပါသည်။ ။
- Log in to post comments