Mr. Peter Vowles ၏ တွစ်တာစာမျက်နှာ၌ ရေးသားချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းတုံ့ပြန်

 

နေပြည်တော်   ဇူလိုင်   ၁၄


မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ Mr. Peter Vowles သည် မြန်မာနိုင်ငံ မှ ထွက်ခွာရသည့် အကြောင်းရင်းကို ၁၃-၇-၂၀၂၂ ရက်က  ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြထားမှုသည် မှန်ကန်မှုမရှိသည့် အပြင် ဖြစ်ရပ်မှန်နှင့်   ကွဲလွဲလျက်ရှိနေသည်ကို   တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။

 


ဗြိတိန်အစိုးရက Mr. Peter Vowles အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗြိတိန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ၂၉-၄-၂၀၂၁ ရက်တွင် အဆိုပြုသဖြင့် မြန်မာအစိုးရက    ၂၂-၆-၂၀၂၁  ရက်တွင်  သဘောတူညီကြောင်း ပြန်ကြားခဲ့သည်။ ၎င်းသည် ၂၉-၇-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီးနောက်  သံအမတ်ကြီးအဖြစ်  ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သူ (Ambassador-Designate) တစ်ဦးအနေဖြင့် သံတမန် လုပ်ထုံးလုပ်နည်းများနှင့်အညီ  ၎င်း၏ခန့်အပ်လွှာမိတ္တူကို နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲ  ထံသို့ လည်းကောင်း ပေးအပ်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုး ပြ၍ ပေးအပ်ရန် ရှောင်လွှဲခဲ့သောကြောင့်  နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဘက်သို့ Mr. Peter Vowles ၏ ပြည်ဝင်ဗီဇာကို ကန့်သတ် ခဲ့ကြောင်း သိရသည်။

 


 ယင်းအခြေအနေတွင်  ဗြိတိန်နိုင်ငံဘက်က Mr. Peter Vowles အား မြန်မာနိုင်ငံဆိုင်ရာ  ဗြိတိန် သံအမတ်ကြီးအဖြစ် အဆိုပြုထားမှုကို ရုပ်သိမ်းကြောင်းနှင့်   ရန်ကုန်မြို့၊ ဗြိတိန်သံရုံး၊ သံရုံးယာယီတာဝန်ခံ အဖြစ်   ခန့်အပ်မည်ဖြစ်ကြောင်း  ပြောင်းလဲအဆိုပြုခဲ့ရာ  ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ  ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်  သဘော တူညီပြီးဖြစ်သည့်အတွက်    သံရုံးယာယီတာဝန်ခံ   ခန့်အပ်မည်ဆိုပါက ၎င်းအစား      အခြားပုဂ္ဂိုလ်တစ်ဦးအား     ပြန်လည်အဆိုပြုရန် ဖြစ်ကြောင်း မြန်မာဘက်က  အကြောင်းကြားခဲ့ကြောင်း သိရသည်။ 

 


Mr. Peter Vowles က ၎င်း၏ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်း ရန်အတွက်၂၁-၆-၂၀၂၂ ရက်မှ ၁၅-၇-၂၀၂၂ ရက်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုကြောင်း ဗြိတိန်ဘက်မှ မေတ္တာရပ်ခံခဲ့မှုကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက် ခဲ့ခြင်းဖြစ်ပြီး    ယခု Mr. Peter Vowles  မြန်မာနိုင်ငံမှ  ပြန်လည် ထွက်ခွာခဲ့ခြင်းမှာ ၎င်း၏  ပြည်ဝင်ဗီဇာသက်တမ်းမကုန်ဆုံးမီ ထွက်ခွာ သွားခြင်းသာဖြစ်ကြောင်း သိရသည်။

 


အဆိုပါကိစ္စတွင်   Mr. Peter Vowles  အနေဖြင့်  ခန့်အပ်လွှာ ပေးအပ်ခြင်းမပြုဘဲ  မြန်မာနိုင်ငံ၌ သံအမတ်ကြီးအဖြစ် လာရောက် နေထိုင်လိုခြင်းဖြစ်ပြီး  ဗြိတိန်ဘက်က သံတမန်ကျင့်ထုံး၊ ကျင့်ဝတ် တို့နှင့်အညီ ဆောင်ရွက်မှုမပြုခဲ့ခြင်းသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံအနေဖြင့်   သံတမန်လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းကြောင့် Mr. Peter Vowles သည် မြန်မာ နိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ရခြင်းဖြစ်ကြောင်း  နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ဖော်ပြချက်အရ သိရသည်။             

 သတင်းစဉ်