
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၃၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက် ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
ထက်လျှံ
====
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉
တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
လက်ရှိ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ သုံးသပ်ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။ ။ လက်ရှိအနေအထား
က ကိုဗစ် - ၁၉ ရောဂါ ရဲ့ တတိယလှိုင်းကို ခံစားနေရပါတယ်။ ၂၀၂၁ ခုနှစ် မေလကုန် ဇွန်လဆန်းမှာ တစ်ဖက်နိုင်ငံနဲ့ ဆက်စပ် လျက်ရှိတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့ မှာ အစုလိုက်တွေ့ရှိမှုကနေ စတင်ပြီး တဖြည်းဖြည်း နဲ့ များပြားလာခဲ့ပါတယ်။
ဒီလို များပြားလာမှုကနေ လူဦးရေထူထပ်တဲ့ မြို့ကြီးတွေကို ရောက်ရှိတဲ့အခါမှာ ကျွန်တော်တို့ မြင်တွေ့ရတာတွေ ဖြစ်လာခဲ့ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟို ကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ကျန်းမာရေးဝန်ကြီးဌာန က ဆောင်ရွက်ဖွယ်ရှိတာတွေကို အမြန်ဆုံး ဆောင်ရွက်နေတာကို အားလုံးအမြင်ပဲ ဖြစ်ပါတယ်။
ကောင်းတဲ့အခြေအနေ
လက်ရှိရောက်နေတဲ့ အခြေအနေကို ပြန်ကြည့် ရင် ပြီးခဲ့တဲ့ ၁၀ ရက်တာ ကာလအတွင်း စစ်ဆေး နိုင်တဲ့ ပမာဏက ၁၅၀၀၀၊ ၁၆၀၀၀ နဲ့ ၁၇၀၀၀ ဝန်းကျင်ကို နေ့စဉ်စစ်ဆေးနိုင်တယ်။ စစ်ဆေးနိုင် တဲ့အထဲမှာ ပိုးတွေ့ရှိမှုနှုန်းအနေနဲ့ ဇူလိုင် ၂၀ ရက်ကနေစပြီး ၃၆ ဒသမ ၈၃ ရာခိုင်နှုန်းကနေ ၂၉ ရက်အထိ ၃၄ ဒသမ ၇၅ ရာခိုင်နှုန်းရှိပါတယ်။ ဖြစ်ပွားတဲ့လူဦးရေကလည်း ၄၀၀၀ နဲ့ ၅၀၀၀ ဝန်းကျင်တန်းလာပါတယ်။ ပိုးတွေ့ရှိမှုနှုန်းကလည်း နည်းနည်းလေး တန်းလာပါတယ်။ ဒါတွေက ကောင်းတဲ့အခြေအနေဖြစ်ပါတယ်။
တစ်ဖက်ကကြည့်ရင် ကူးစက်ရောဂါရဲ့ သဘောအရ ကူးစက်ရောဂါကို ဖော်ပြတဲ့ဂရပ်မျဉ်း (Epidemic Curve) မှာ ထောင်တက်သွားတဲ့အပိုင်း (Ascending Limb) အရင်ရှိတယ်။ ပြီးရင် နည်းနည်းလေး ပြန်တန်းလာတယ်။ ဒါကို (Pleatu Phase) ရောက်တယ်လို့ ခေါ်ပါတယ်။ နောက် ပြန်ကျလာတဲ့အပိုင်း (Descending Limb) ရှိလာ တယ်။ အခုလက်ရှိမှာ ကျွန်တော်တို့က တက်လာ တဲ့အခါတုန်းကလည်း အရှိန်အဟုန်နဲ့ကို သိသိ သာသာတက်ခဲ့ပါတယ်။ ဒုတိယလှိုင်းနဲ့ ယှဉ်ကြည့် ရင် အခုတတိယလှိုင်းမှာ တက်တဲ့နှုန်းက အလွန် သိသာပါတယ်။ ဒါပေမဲ့ လက်ရှိအနေနဲ့ ရောဂါ အခြေအနေက စပြီးတန်းလာတာကို တွေ့ရတာက တစ်ပတ်လောက်ရှိပါပြီ။ နိုင်ငံတော်အပိုင်းကလည်း ရုံးပိတ်ရက်တွေ သတ်မှတ်ပေးထားပါတယ်၊ မိဘ ပြည်သူတွေလည်း ကိုယ့်အိမ်ထဲမှာသာနေတဲ့ Stay at Home နေထိုင်ပေးတာတွေလည်းပါတယ်။ အဲဒီ အခါ လူလူချင်း ထိတွေ့ဆက်ဆံမှုတွေ နည်းပါးလာ တာနဲ့အမျှ ရောဂါကူးစက်မှုကျတယ်ဆိုတဲ့ ကူးစက် ရောဂါထိန်းချုပ်ရေး နိယာမလည်းရှိတဲ့အခါ ကောင်းကျိုးစတင်ခံစားရလာတဲ့သဘောပါ။
ကျွန်တော်တို့က ဒီပေါ်မှာမူတည်ပြီးပြောရရင် ရောဂါ အနေအထားက စပြီးတန်းလာတဲ့အနေ အထားရှိတယ်ဆိုတာက ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ လျှော့လို့မရသေးပါဘူး။ ဒါကို စောင့်ကြည့်ပြီး ဆက်လက်သတိကြီးကြီးထားပြီး ကာကွယ်ရေးနည်းလမ်းတွေ၊ မိမိအိမ်မှာနေထိုင် ခြင်းတွေကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရဦးမှာ ဖြစ်ပါတယ်။
သွားလာမှုလျော့လာ
တစ်ဖက်က သွားလာမှုလျော့လာတဲ့အခြေအနေ ကို တင်ပြရရင် Googleကနေ ထုတ်တဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ပြီး လူအများသွားလာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး Google ကနေ စစ်တမ်း ကောက်ထားတာရှိပါတယ်။ ဒီမှာ မြန်မာနိုင်ငံ တစ်ခုလုံးအနေနဲ့ ဈေးဝယ်ထွက်တဲ့အပိုင်းမှာ ၆၈ ရာခိုင်နှုန်း လျော့ကျသွားတယ်။ စူပါမားကက်နဲ့ ဆေးဆိုင်တွေကို သွားတဲ့အပိုင်းမှာ ၄၅ ရာခိုင်နှုန်း လျော့ကျသွားတယ်။ အများပြည်သူအနားယူတဲ့ နေရာတွေကို သွားတဲ့အပိုင်းမှာ ၄၉ ရာခိုင်နှုန်း လျော့ကျသွားတယ်။ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကို အသုံးပြုတဲ့နှုန်းက ၆၄ ရာခိုင်နှုန်း လျော့ကျသွားတယ်။ လုပ်ငန်းခွင်ဝင်ရောက်မှုအနေ နဲ့ တစ်နိုင်ငံလုံးမှာ ၇၁ ရာခိုင်နှုန်း လျော့ကျသွား တယ်။ မိမိအိမ်ပတ်ဝန်းကျင်မှာနေထိုင်တဲ့ ရာခိုင် နှုန်းက ၃၁ ရာခိုင်နှုန်း တက်လာပါတယ်။ ဒါက ကောင်းတဲ့အချက်ပါ။
ရန်ကုန်အနေနဲ့ အပန်းဖြေနေရာတွေ၊ ဈေးဝယ် သွားတာတွေက ၇၀ ရာခိုင်နှုန်း လျော့ကျသွား တယ်။ စူပါမားကက်နဲ့ ဆေးဆိုင်တွေကို သွားရောက် မှုအနေနဲ့ ၄၃ ရာခိုင်နှုန်း လျော့ကျသွားတယ်။ အများ ပြည်သူအပန်းဖြေနေရာတွေကို သွားရောက်မှုအနေ နဲ့ ၆၈ ရာခိုင်နှုန်း လျော့ကျသွားတယ်။ အများ ပြည်သူပို့ဆောင်ရေးယာဉ်လိုင်းတွေ အသုံးပြုမှုအနေ နဲ့ ၆၃ ရာခိုင်နှုန်း လျော့ကျသွားတယ်။ လုပ်ငန်းခွင် ဝင်ရောက်မှုအနေနဲ့ ၇၃ ရာခိုင်နှုန်း လျော့ကျသွား တယ်။ အိမ်မှာနေထိုင်မှုအနေနဲ့ ၃၆ ရာခိုင်နှုန်း တက်လာပါတယ်။
ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းဖြင့် မိဘ ပြည်သူတွေက Stay at Home ကို လိုက်နာပေး ကြတဲ့ သဘောရှိပါတယ်။ အဓိကကူးစက်ရောဂါကို အခြေခံထိန်းချုပ်ခြင်းဖြစ်တဲ့ Stay at Home ကို ဒီလိုမျိုးနေနိုင်လေလေ ကျွန်တော်တို့အတွက် ကောင်းကျိုးရှိလေဖြစ်ပါတယ်။ ဒီအပေါ်မှာ မူတည် ပြီး လူတွေရဲ့ သွားလာလှုပ်ရှားမှုနဲ့ ရောဂါအတက် အကျကို ပြန်ချိန်ကြည့်တဲ့အခါ ကူးစက်ရောဂါက အရှိန်နဲ့တက်တဲ့အချိန်မှာ သွားလာလှုပ်ရှားမှုတွေက တက်နေသေးတယ်ဆိုရင် ရောဂါအရှိန်က တော်တော် နဲ့ မကျလာပါဘူး။ ဒါပေမဲ့ ကူးစက်ရောဂါ တက်နေတဲ့အချိန်၊ သွားလာလှုပ်ရှားမှုတွေကျသွား ရင် ကူးစက်ရောဂါကလည်း သိပ်မကြာဘူး ကျသွား တတ်ပါတယ်။ ဒါက အခုလို ဂရပ်တွေ၊ ကိန်းဂဏန်း တွေကို လေ့လာခြင်းဖြင့် တွေ့ရပါတယ်။
ကိုယ်ခံအားကောင်းမှ
Stay at Home ကို ဆက်ပြီးနေဖို့က မိမိအိမ်မှာ ကျန်းမာအောင်နေထိုင်ဖို့ အရေးကြီးပါတယ်။ Stay at Home ကာလမှာ အဓိကအိပ်ရေးဝအောင် အိပ်မယ်၊ အစားအသောက် အားရှိအောင် စားမယ်၊ ရောဂါအခံရှိသူတွေအနေနဲ့ မိမိသောက်နေကျ ဆေးတွေကို မပြတ်အောင်သောက်ဖို့၊ ပြနေကျ ဆရာဝန်တွေကို ဆက်သွယ်တိုင်ပင်ပြသဖို့ ဆောင်ရွက်ဖို့လိုပါတယ်။ ဆေးနဲ့ပတ်သက်လို့ ဆေးဆိုင်တွေကိုလည်း ဖွင့်ထားပါတယ်။ တစ်ဖက် က အစားအသောက်နဲ့ပတ်သက်ရင် ကြက်ဥမှ အားရှိတာ မဟုတ်ပါဘူး။ ကြက်ဥအစားထိုး စားသောက်နိုင်တဲ့ အစားအစာတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါတွေကိုလည်း စားဖို့လိုပါတယ်။ ကိုယ်ခံအားကောင်းမှ၊ အားရှိမှ ရောဂါကို တိုက်ဖျက် နိုင်မှာပါ။
နောက်တစ်ခုက စိတ်ကျန်းမာရေးလည်း လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးအနေနဲ့ စိတ်ခွန် အားကောင်းမှ ရောဂါဒဏ်ကိုခံနိုင်မှာပါ။ Stay at Home ကာလတွေမှာ ဖြစ်နိုင်ရင် အိမ်မှာနေထိုင် ပေမယ့် ကိုယ်နဲ့ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဗီဒီယိုချက်လုပ်တာဖြစ်ဖြစ်၊ သတင်းမေးမြန်းတာ ဖြစ်ဖြစ် အပြန်အလှန် ပြောဆိုဆက်သွယ်တာတွေက စိတ်ခွန်အားတက်စေတာတွေ ဖြစ်ပါတယ်။ နောက် တစ်ခုက မိမိသက်ဆိုင်ရာ ဘာသာတရားအလိုက် စိတ်ကိုတည်ငြိမ်အောင် လုပ်ကိုင်ဆောင် ရွက်နိုင်ရင် စိတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ကိစ္စတွေ ဖြစ်ပါတယ်။
မဖြစ်မနေ အပြင်ထွက်ရတဲ့သူတွေအနေနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် လည်း ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက် လိုက်နာဖို့ လိုပါတယ်။
ပြတင်းတံခါးတွေကို ဖွင့်ထားပေး
နောက်တစ်ခုက အိမ်မှာ သံသယလူနာရှိတဲ့ အခါ ပိုပြီးတော့ သူ့ကိုသီးခြားထားနိုင်ဖို့ လိုပါတယ်။ အိမ်မှာ ရောဂါအခံရှိတဲ့သူတွေ၊ အသက်အရွယ် ကြီးရင့်တဲ့သူတွေ ရှိတယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေနဲ့ ခပ်ခွာခွာနေပါ။ ဖြစ်နိုင်ရင် တစ်အိမ်သားလုံး Mask တပ်ထားခြင်းနဲ့ လေဝင်လေထွက်ကောင်း အောင် ပြတင်းတံခါးတွေကို ဖွင့်ထားပေးတာတို့ကို လုပ်ဆောင်ဖို့လိုပါတယ်။ ဒီလိုလုပ်ဆောင်မှ ထိတွေ့ ဆက်စပ်မှုတွေ၊ ရောဂါပိုးဝင်ရောက်နိုင်တဲ့ အခွင့် အလမ်းတွေ လျော့ကျပြီး ရောဂါဖြစ်ပွားမှုလှိုင်းကို ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲကို ကိုဗစ်ရောဂါတတိယလှိုင်း စတင်ရောက်ရှိတယ်လို့ ယူဆရတဲ့နေရာဖြစ်တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့မှာဆိုရင် ရောဂါကပြန်ကျနေပါပြီ။ ရောဂါဖြစ်ပွားမှုအနေနဲ့ တွန်းဇံမြို့နဲ့ကျီခါးမြို့မှာဆိုရင် ပိုးတွေ့ရှိသူအသစ် က သုညနီးပါးရှိတဲ့ အခြေအနေက နှစ်ပတ်နီးပါး ရှိပြီဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် ရောဂါပိုးစတင်ဝင်ရောက်တဲ့နေရာတွေမှာ ရောဂါဖြစ်ပွားမှု တွေ စတင်ပြီးကျဆင်းလာနေပါပြီ။ ဒါ့အပြင် တစ်နိုင်ငံလုံးအနေနဲ့လည်း ရောဂါဖြစ်ပွားမှုတွေက စတင်ပြီး တန်းလာနေတာကို တွေ့ရပါတယ်။ ဒီလို တန်းလာနေတယ်ဆိုရုံနဲ့တော့ ရောဂါထိန်းချုပ်မှု လုပ်ငန်းစဉ်ကိုလျှော့ချလို့မရသေးတဲ့အနေအထား ဖြစ်ပါတယ်။ တန်းလာနေတာကနေ ရောဂါဖြစ်ပွားမှု က ပြန်ပြီးတက်နိုင်တဲ့ အနေအထားလည်းရှိနိုင်ပါ တယ်။ ရောဂါဖြစ်ပွားမှုသိသိသာသာ ပြန်ကျလာ ပြီဆိုမှ စိတ်အေးရမှာဖြစ်ပါတယ်။ ချင်းပြည်နယ် မြောက်ပိုင်းအပြင် အစပိုင်းမှာ ရောဂါဖြစ်ပွားမှုများ တဲ့ ကလေးမြို့လိုနေရာတွေမှာလည်း ရောဂါဖြစ်ပွား မှုနှုန်း တဖြည်းဖြည်းပြန်ကျလာပြီ ဖြစ်ပါတယ်။ ဒါတွေက ကောင်းတဲ့အချက်တွေပါ။
တစ်ဖက်မှာလည်း စိတ်ပူရတဲ့နေရာတွေ ကျန်ပါသေးတယ်။ စိတ်ပူတဲ့နေရာတွေအနေနဲ့ ကတော့
အခုတတိယလှိုင်းဝင်ရောက်လာတဲ့ လမ်းကြောင်း နေရာတွေနဲ့ မြို့ကြီးတွေမှာ ရောဂါကူးစက်မှု တွေ တော်တော်များများဖြစ်ပြီးပြီဆိုပေမယ့် ရောဂါ မဖြစ်သေးတဲ့ နေရာတွေ ကျန်နေပါသေးတယ်။ ဥပမာ - ရခိုင်ပြည်နယ်လို နေရာမျိုးဆိုရင် ရောဂါ လမ်းကြောင်းနဲ့ လွတ်သွားပြီး မဖြစ်သေးဘဲ ကျန်နေပါတယ်။ ဒီလိုပဲကျန်ခဲ့တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်နေရာ တော်တော်များများမှာ ရောဂါ များများစားစားမဖြစ်သေးတဲ့ နေရာတွေရှိပါတယ်။ ဒီလို ရောဂါမဖြစ်သေးတဲ့နေရာတွေကို ရောဂါက အချိန်မရွေး ရောက်လာနိုင်တယ်။ ဝင်လာနိုင်တယ် ဆိုပြီး သတိထားကာကွယ်ဖို့လိုပါတယ်။
အလေးထားပြုလုပ်သင့်
နောက်တစ်ခုက ကျေးလက်ဒေသမှာ နေထိုင် ကြသူတွေအနေနဲ့လည်း မိမိနေထိုင်ရာ ကျေးရွာ က မြို့ကြီးတွေနဲ့ မနီးဘူး၊ အဓိကခရီးသွား လမ်းကြောင်းပေါ်မှာမရှိဘူး၊ မြို့ကြီးတွေနဲ့ တိုက်ရိုက် အဆက်အဆံမရှိဘူးဆိုပေမယ့် မြို့ကြီးတွေကနေ ရွာကို ပြန်လာတဲ့သူတွေကို စနစ်တကျ စောင့်ကြပ် ကြည့်ရှုခြင်းနဲ့ ကျန်းမာရေးဌာနကို သတင်းပို့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ခြင်းတွေကို အလေးထားပြုလုပ်သင့်တဲ့အချိန်အခါဖြစ်ပါတယ်။
ဒီအချိန်မှာ အဓိကရောဂါဖြစ်ပွားမှု အခြေ အနေက တန်းလာတဲ့ အနေအထားဖြစ်ပေမယ့် ပေါ့ဆလို့မရသေးပါဘူး။ အထူးသတိထားစောင့်ကြည့် ရပါမယ်။ အဲဒီမှာ အထူး၊ အထူး သတိထားရမယ့် နေရာတွေက ရောဂါမဖြစ်သေးတဲ့ နေရာတွေနဲ့ ရောဂါဖြစ်ပွားမှု စပြီးတက်လာတဲ့နေရာတွေ ဖြစ်ပါ တယ်။ ရောဂါဖြစ်ပွားမှု စပြီးတက်လာတဲ့နေရာတွေ အနေနဲ့ ရောဂါဖြစ်ပွားသူ နည်းပါးသေးတဲ့အချိန်မှာ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်းတွေ အနေနဲ့ ခြေနိုင်လက်နိုင် အနေအထားမှာ အထူး သတိထားပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက် ဖို့လိုပါတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာရှိတဲ့သူ တွေအနေနဲ့မပေါ့ဆကြပါနဲ့ ခုနကလို ကျေးလက် ဒေသမှာနေကြပေမယ့် ရောဂါကာကွယ်ရေးလုပ်ငန်း တွေကို ပေါ့ပေါ့ဆဆ မဆောင်ရွက်ကြပါနဲ့။ ရောဂါ ဖြစ်ပွားမှုများပြားရာဒေသက ပြန်လာတဲ့သူတွေကို သက်ဆိုင်ရာကျန်းမာရေးဌာနတွေ၊ ဒေသအာဏာ ပိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းကာ မြို့ကပြန်လာတဲ့ သူဆီမှာ ရောဂါပိုး ပါမလာအောင် အထူးသတိထား ပြီး ကာကွယ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
တစ်ဖက်ကပြန်ကြည့်ရင် ရောဂါစဝင်ပြီးဖြစ် တဲ့နေရာတွေမှာ တဖြည်းဖြည်းနဲ့ ရောဂါဖြစ်ပွားမှု အရှိန်ကျလာပြီ။ တစ်နိုင်ငံလုံးအနေနဲ့ ရောဂါဖြစ်ပွား မှုအခြေအနေက တန်းလာပြီဖြစ်ပေမယ့် ပေါ့လို့ မရသေးပါဘူး။ အထူး ဆက်လက်သတိထားရပါ မယ်။ ထပ်ပြီးပြောရရင် ဒီထဲမှာ ပိုပြီးအထူး၊ အထူး သတိထားရမယ့်နေရာတွေက အခုမှစတင်ပြီး ရောဂါဖြစ်ပွားတဲ့နေရာတွေနဲ့ တတိယလှိုင်းမှာ ရောဂါကူးစက်မှု လုံးဝမဖြစ်သေးတဲ့နေရာတွေပါ။ အဲဒီနေရာတွေက အထူးသတိထားပြီး ကာကွယ် ကြဖို့ လိုပါတယ်။ အဓိက ရောဂါပိုး ကိုယ့်ဒေသကို မဝင်နိုင်အောင်၊ အခြေမချနိုင်အောင်၊ အမြစ်မတွယ် အောင်လုပ်ဖို့လိုပါတယ်။
အထူးသတိထားပြီး ကာကွယ်
ရောဂါပိုး မဝင်နိုင်ဖို့ နည်းလမ်းအနေနဲ့ကတော့ ဒီရောဂါပိုးဟာ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်နေရာတွေ ကဝင်နိုင်တဲ့အတွက် နှာခေါင်းနဲ့ ပါးစပ်ကို Mask နဲ့ လုံခြုံအောင် ဖုံးအုပ်ထားမယ်။ မျက်စိကို လိုအပ် လာရင် Face Shield နဲ့ ကာကွယ်မယ်။ ဒီလိုမျိုးနဲ့ ဝင်ပေါက်တွေကို ကာကွယ်ထားရင် ဗိုင်းရပ်စ်က လုံးဝဝင်စရာအကြောင်း မရှိပါဘူး။ လူတိုင်းလူတိုင်း အထူးသတိထားပြီး ကာကွယ်ပါ။ တတိယလှိုင်း လွန်မြောက်တော့မယ့် အခြေအနေကို မြင်လာနေရ ပေမယ့် အထူး၊ အထူးသတိထားပြီး ဂရုစိုက် ဆက်လက်ကာကွယ်ပေးကြဖို့ ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။
အစီအစဉ်မှူး။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်
ပြောကြားလိုတာများရှိရင် ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။ ။ အဓိက ဒီနေရာ
မှာ ပြောကြားလိုတဲ့ Key Message က ပိုးကထွက်ရင်လည်း နှာခေါင်း၊ ပါးစပ်ကထွက်တယ်။ ဝင်ရင်လည်း နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကဝင်တဲ့အတွက် အဲဒီနေရာတွေကို အထူး သတိထားပြီး ကာကွယ်ပေးကြပါ။ နောက်တစ်ခုက ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းစားခြင်းကို ပြောကြား လိုပါတယ်။ ကျွန်တော့်အသိထဲမှာလည်း ရောဂါပိုး ဝင်ပြီး ဆုံးရှုံးသွားတာ ရှိပါတယ်။ သူဆိုရင် ကွမ်းတော်တော်စားပါတယ်။ ဈေးရောင်းတဲ့သူ လည်းဖြစ်တယ်။ ကွမ်းစားတဲ့သူလည်းဖြစ်တဲ့အတွက် Mask ကို မတပ်နိုင်ဘူး။ အဲဒီအခါမှာ ရောဂါပိုး ဝင်သွားပါတယ်။ ဒီလိုပါပဲ ဆေးလိပ်သောက်တယ် ဆိုရင် Mask ကို မတပ်နိုင်ဘူး။ ဆေးလိပ်သောက်တဲ့ သူရဲ့ အဆုတ်ကလည်း တော်တော်ကြီးကို ဆေးလိပ် ကြောင့် ထိခိုက်ထားနိုင်တယ်။ ဒီလိုအနေအထားမျိုး မှာ ပိုးဝင်ရင် ရောဂါဖြစ်ပွားမှုက ပိုပြီးပြင်းထန်ပါ တယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစား ခြင်းကို လုံးဝရှောင်ကြဉ်ကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ်။
အစီအစဉ်မှူး။ ။ ယခုလို ပြည့်ပြည့်စုံစုံ
ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။