မပေါ့လေနဲ့ ပေါ့ဆမီး

Type

 

မြင့်မောင်စိုး

 

နွေတောင်မရောက်သေးဘူး။ သူ့အသံကို မကြာခဏကြားနေရသည်။ သူဆိုသည်မှာအခြားမဟုတ် “မီး” ဖြစ်သည်။ မီးဆိုသည်မှာလည်း သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင်ရန်သူဟု ဆိုထားသည်။ ယခု မီးသည် မိတ်ဆွေမီးမဟုတ်၊ ရန်သူမီးဖြစ်သည်။ လူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ဆုံးရှုံးစေသောမီး၊ သို့မဟုတ် အန္တရာယ်မီး၊ အကျိုးစီးပွားကို ထိခိုက်စေသောမီးဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း နွေရာသီ ရောက်လာပြီဆိုလျှင် မီးဘေးကို ကြောက်နေရသည်။ မီးလောင်မှုသတင်းများကို မကြာခဏကြားနေရသည်။

 

မီးလောင်မှုအမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာ ကြည့်လျှင်  တောမီး၊   ရှို့မီး၊   ဖယောင်းတိုင်မီး၊ လျှပ်စစ်ဝိုင်ယာရှော့ခ်မီး၊  မီးဖိုမီး  စသည်ဖြင့် တွေ့ရ မည်ဖြစ်ပါသည်။ ထိုမီးများအနက် ကြောက်စရာ အကောင်းဆုံးသောမီးမှာ ပေါ့ဆမီးဖြစ်သည်။ မီးကို ပေါ့ပေါ့ဆဆအသုံးပြုမှုကြောင့်  ဖြစ်ပွားရသော မီးလောင်မှုဖြစ်သည်။  ပေါ့ဆသည်ဟုဆိုရာတွင် လည်း သတိလက်လွတ်အသုံးပြုရာမှ မထင်မှတ်ဘဲ မီးလောင်ရခြင်းဖြစ်သည်။     မီးလောင်ရခြင်း၏ အဓိကအကြောင်းအရင်းသည် ပေါ့ဆမှုကြောင့်သာ ဖြစ်ပါသည်။  

 


နွေရာသီနှင့်ပေါ့ဆမီး


ဥပမာအားဖြင့် လျှပ်စစ်ပေါင်းအိုးမှတစ်ဆင့်မီးလောင်မှုဖြစ်ပွားသည်ဟုဆိုပါစို့။ လျှပ်စစ်ပေါင်းအိုး၊ သို့မဟုတ် လျှပ်စစ်ရေနွေးအိုးတည်ထားစဉ် မီးပျက် သွားသည့်အခါ    ပလတ်ပေါက်၊    ခလုတ်တို့ကို ပိတ်ရမည်ကို  မပိတ်ဘဲ  မေ့လျော့ကာထားခြင်း ကြောင့်    မီးပြန်လာသည့်အခါ   အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားတတ်ပါသည်။ ယခုအခါ လျှပ်စစ် ဓာတ်အားပေးဝေမှုမှာလည်း မကြာခဏ မီးပျက် လေ့ရှိပါသည်။  နွေရာသီတွင်  ပူပြင်းလာသည့် အလျောက် ဖုန်းအားသွင်းခြင်း၊  ဘက်ထရီအားသွင်း ခြင်းတို့မှလည်း  ပလတ်ပေါက်များအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားလေ့ရှိပါသည်။       နွေရာသီ ရောက်လာသည်နှင့်အမျှ လျှပ်စစ်နှင့်ပတ်သက်သော မီးလောင်နိုင်ခြေသည်   အများဆုံးဖြစ်လာသည်။ လျှပ်စစ်နှင့်ပတ်သက်သော  မီးလုံး၊    မီးချောင်း၊ ထမင်းပေါင်းအိုး၊ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ ပန်ကာ၊ မီးပူ အစရှိသည်တို့မှတစ်ဆင့် မီးလောင်မှု များဖြစ်ပွားနေသည်ကို သတိပြုမိပါသည်။ ထိုသို့ ဖြစ်ပွားရသည့် မီးလောင်မှုသည် လူတို့၏ သတိမမူ ဘဲ အသုံးပြုမှုကြောင့် ဖြစ်ပွားရသော ပေါ့ဆမီးများ ပင် ဖြစ်ပါသည်။ ပေါ့ဆမှုကြောင့် မီးလောင်နိုင်ပါ သည်။ ညအခါ မလိုအပ်သော မီးလုံး၊ မီးချောင်း၊ မီးခလုတ်တို့ကို ပိတ်ထားခြင်းဖြင့် မီးဘေးကြိုတင် ကာကွယ်ရာ  ရောက်ပါသည်။ လျှပ်စစ်သည် အပူ လွန်ကဲရာမှ မီးလောင်နိုင်ပါသည်။

 


မီးလောင်မှုနှင့်ဆုံးရှုံးမှုများ


မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မီးလောင်မှု ၂၁၀၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဆုံးရှုံး မှုတန်ဖိုးအနေဖြင့် ခန့်မှန်းငွေကျပ် ၃၃ ဘီလီယံ တန်ဖိုးရှိကြောင်း၊ ယင်းမှာ ၂၀၂၀ ပြည့်နှစ်က နိုင်ငံ တစ်ဝန်း  မီးလောင်မှု ၂၁၃၉ ကြိမ်   ဖြစ်ပွားမှုနှင့် နှိုင်းစာလျှင်      အနည်းငယ်သာလျော့ကျသွားခဲ့ ကြောင်း     မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

 


ပြီးခဲ့သည့် ၂၀၂၁  ခုနှစ်  တစ်နှစ်တာအတွင်း မီးလောင်မှုဖြစ်စဉ်တို့တွင် ကချင်ပြည်နယ်၌ ၈၁ ကြိမ်၊ ကယားပြည်နယ်၌ ၁၉ ကြိမ်၊ ကရင်ပြည်နယ်၌ ၃၃ ကြိမ်၊ ချင်းပြည်နယ်၌ ၃၈ ကြိမ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၌ ၃၀၁ ကြိမ်၊ တနင်္သာရီတိုင်းဒေသကြီး၌ ၈၅ ကြိမ်၊ နေပြည်တော်၌ ၇၁ ကြိမ်၊ ပဲခူးတိုင်းဒေသ ကြီး၌ ၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီး၌ အကြိမ် ၂၁၀၊ မန္တလေးတိုင်းဒေသကြီး၌ ၂၄၅ ကြိမ်၊ မွန်ပြည် နယ်၌ ၁၃၂ ကြိမ်၊ ရခိုင်ပြည်နယ်၌ ၆၄ ကြိမ်၊ ရန်ကုန် တိုင်းဒေသကြီး၌ အကြိမ် ၃၁၀၊ ရှမ်းပြည်နယ်၌ ၁၇၃ ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီး၌ ၁၄၂ ကြိမ်၊ စုစုပေါင်း ၂၁၀၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


အဆိုပါ   တစ်နှစ်တာအတွင်း    မီးလောင်မှုများ ကြောင့်  ပြည်သူများ၏   အိုးအိမ်စည်းစိမ်များသာ ဆုံးရှုံးခြင်းမဟုတ်ဘဲ     လူအသက်များစွာလည်း သေဆုံးမှုများရှိသေးသည်။   ၎င်းတစ်နှစ်တာအတွင်း မီးလောင်မှုကြောင့် လူပေါင်း ၁၀၅ ဦး  သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၅၁ ဦးရှိကြောင်းလည်း သိရ သည်။  မီးလောင်မှုကြောင့် အိုးအိမ်စည်းစိမ်များသာ ဆုံးရှုံးခြင်းမဟုတ်ဘဲ လူ့အသက်ပေါင်းများစွာလည်း ဆုံးရှုံးနေရသည်ကို သတိပြုမိသည်။ ၂၀၂၀ ပြည့်နှစ် ကဆိုရင်လည်း  နိုင်ငံတစ်ဝန်း မီးလောင်မှု ၂၁၃၉ ကြိမ် ဖြစ်ပွားမှုတွင် သေဆုံးသူ ၇၅ ဦးရှိပြီး ထိခိုက် ဒဏ်ရာရသူ ၂၂၀  ရှိကြောင်း သိရသည်။

 


နှစ်စဉ်မီးလောင်မှုများ လျှော့ချသွားနိုင်ရေး


ထို့ကြောင့်လည်း     နှစ်စဉ်မီးလောင်မှုများ လျှော့ချသွားနိုင်ရေးအတွက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ လက်အောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးတို့၌ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း အစီအမံများ ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ မီးဘေးကြိုတင်ကာကွယ်ရေး ပြည်သူလူထု အသိ ပညာပေးလုပ်ငန်းများ    ဆောင်ရွက်နေသကဲ့သို့ မီးဘေးဖြစ်ပွားပါကလည်း    လျင်လျင်မြန်မြန် မီးငြှိမ်းသတ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ကို မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လူ၊  ရေ၊  ယာဉ်ယန္တရားစသည်ဖြင့် အသင့်ဖြစ်နေစေရန် ပြင်ဆင်ထားကြောင်းလည်း သိရသည်။

 


ပြည်သူလူထုပူးပေါင်းပါဝင်မှု


ဤသို့ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင် ကာကွယ်ရေးနှင့်   မီးငြှိမ်းသတ်ရေး   မည်သို့ပင် ကြိုးပမ်းစေကာမူ   ပြည်သူလူထုပူးပေါင်းပါဝင်မှု အားနည်းနေလျှင် မီးလောင်မှု လျှော့ချရေးလုပ်ငန်း သည်  ခက်ခဲနေဦးမည်ဖြစ်ပါသည်။   မီးလောင်မှု မဖြစ်ပွားစေရေး အကာအကွယ်ပေးနိုင်ဆုံးမှာလည်း ပြည်သူလူထုပင်ဖြစ်ပါသည်။ လျှပ်စစ်မီး၊ မီးဖိုမီး၊ ဝိုင်ယာရှော့ခ်မီး မည်သည့်မီးကိုသုံးစွဲသည်ဖြစ်စေ သတိ၊ဝီရိယဖြင့် သုံးစွဲသွားမည်ဆိုလျှင် မီးလောင်မှုဖြစ်စရာအကြောင်းမရှိပါ။  လူသာလျှင်  ပဓာန ဖြစ်ပါသည်။ လူတိုင်းလူတိုင်းက မီးဘေးမဖြစ်စေရေး အသိလေးတစ်လုံးပေါင်းထည့်၍ မီးကို သုံးစွဲကြမည် ဆိုလျှင်   မီးလောင်မှုများကို  လျှော့ချနိုင်မည်မှာ အသေအချာပင်ဖြစ်ပါသည်။    တစ်နည်းအားဖြင့် မီးကိုပေါ့ပေါ့ဆဆ မသုံးရန် ဖြစ်ပါသည်။  အဆိပ် ရှိသော  မြွေပွေးမြွေဟောက်တို့သည်  အကောင် ပင်သေးငယ်သော်လည်း လူ့အသက်ကို သေစေနိုင် ပါသည်။   မည်မျှပင်သေးငယ်သော  မီးပွားလေး ဖြစ်စေကာမူ ကြီးမားသော  မီးလောင်မှုကြီးဖြစ်နိုင် ပါသည်။    မပေါ့မဆ   သတိဖြင့်သုံးစွဲခြင်းကသာ မီးလောင်မှုကို      ဟန့်တားနိုင်စွမ်းရှိပါသည်။ ကာကွယ်နိုင်စွမ်းရှိပါသည်။

 


မြို့ပြများတွင်ဖြစ်ပွားလေ့ရှိသော မီးလောင်မှု သည် လျှပ်စစ်ဝိုင်ယာရှော့ခ်မီး၊ ထမင်းပေါင်းအိုး၊ ရေနွေးအိုးမီး၊  ရေခဲသေတ္တာ၊   လေအေးပေးစက် အစရှိသည်ဖြင့် လျှပ်စစ်နှင့်ဆက်စပ်ပတ်သက်သော မီးလောင်မှုများဖြစ်သည်။  အသုံးပြုသော လျှပ်စစ် ပစ္စည်းများ အိုဟောင်း၍လည်းကောင်း၊ ချွတ်ယွင်း ပျက်စီးမှုကြောင့်လည်းကောင်း၊    အပူလွန်ကဲမှု ကြောင့်လည်းကောင်း   မီးလောင်မှုဖြစ်နိုင်ခြေ များပါသည်။ မြို့ပြများတွင် ခြင်ဆေးခွေအသုံးပြုမှု ကလည်း မီးဘေးဖြစ်နိုင်ခြေတစ်ခု   ဖြစ်ပါသည်။  မီးလောင်မှုဖြစ်နိုင်ခြေအနေအထားများကို သတိပြု သုံးစွဲခြင်းသည် အကောင်းဆုံးသော မီးဘေးကြိုတင် ကာကွယ်ရေး ဖြစ်ပါသည်။

 


ကျေးလက်တောရွာများသည် မီးဘေးကို ပို၍ ဂရုစိုက်သင့်ပါသည်။ အကြောင်းမှာ မီးလောင်မှု ဖြစ်နိုင်ခြေများသည်  မြို့ပြထက်   ကျေးလက်က ပိုများပေလိမ့်မည်။  မီးဖိုမီး၊   ဖယောင်းတိုင်မီး၊ ဆေးလိပ်တိုမီး၊ မီးဖိုမီးကြွင်းမီးကျန်တို့မှတစ်ဆင့် မီးလောင်မှုများ ဖြစ်ပွားလျက်ရှိပါသည်။ သောက်ပြီး ဆေးလိပ်တိုကို   စည်းကမ်းမဲ့စွာ  ပစ်လိုက်သဖြင့် မီးထလောင်နိုင်ပါသည်။  မီးဖိုပေါ်တည်ထားသော ဆီဒယ်အိုးမီးထတောက်၍     အမိုးမီးဟပ်ကာ မီးလောင် တတ်ပါသည်။ မီးဖိုပြာပုံထဲက မီးကြွင်း လေးကလည်း မီးလောင်နိုင်ပါသည်။ အိပ်ပျော်နေစဉ် ဖယောင်းတိုင်လဲကျခြင်း၊ တိုသွားခြင်းတို့ကြောင့် ကြမ်းပြင်ကို  မီးစွဲလောင်ကာ  မီးလောင်မှုဖြစ်ပွား နိုင်ပါသည်။

 


မီးဘေးကြိုတင်ကာကွယ်ရေး


မကြာမီနွေရောက်တော့မည်။ ရာသီဥတုသည် တစ်နေ့တခြား       အပူဒီဂရီတိုးလာတော့မည်။ မီးလောင်မှုသတင်းများ မကြာခဏကြားနေရသည်။ သို့ပါ၍ မီးကိုမပေါ့ဆဖို့ သတိပေးနေခြင်းဖြစ်သည်။ မီးသည်ပေါ့ဆလိုက်သည်နှင့်  အန္တရာယ်ရှိသည်။ သတိထားသုံးစွဲခြင်းကသာ မီးဘေးကို ကာကွယ်ပေး နိုင်ပေလိမ့်မည်။ ကျေးရွာများတွင် နွေရာသီရောက်ပြီ ဆိုလျှင် မီးဘေးကြိုတင်ကာကွယ်ရေးကို အထူး ဂရုပြုလေ့ရှိပါသည်။ ညနေမိုးချုပ်ပြီဆိုလျှင် ကျေးရွာ လမ်းများအတွင်း  လှည့်လည်၍    ဤသို့မီးဘေး ကြိုတင်ကာကွယ်ရေး       နှိုးဆော်တိုက်တွန်းလေ့ ရှိပါသည်။

 


“ကျေးရွာအတွင်း  မှီတင်းနေထိုင်ကြသော မိဘပြည်သူများခင်ဗျာ။    ယခုအချိန်အခါသည် ဆောင်းအကုန် နွေအကူး လေရူးလေးများ  တိုက် ခတ်လာပါသဖြင့်    မိမိတို့နေအိမ်တွင်  သုံးစွဲသော ဖယောင်းတိုင်မီး၊ မီးခွက်မီး၊ ဘုရားမီး၊ မီးဖိုမီးတို့ကို ည ၈ နာရီကျော်သည်နှင့် မီးငြှိမ်းသတ်ထားကြပါရန် ကျွန်တော်များမီးသတ်တပ်ဖွဲ့ဝင်များက   လိုက်လံအသိပေးနှိုးဆော်အပ်ပါသည်”။ ကျေးလက် မီးသတ် တပ်ဖွဲ့ဝင်များ၏ ခေတ်အဆက်ဆက် တတ်စွမ်း သရွေ့  စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် နေမှုပုံရိပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကျေးလက် ဖြစ်စေ၊ မြို့ပြဖြစ်စေ နွေရာသီရောက်ရှိလာတော့ မည်ဖြစ်၍   လူတိုင်းလူတိုင်း  မီးကိုပေါ့ဆစွာ မသုံးသင့်ကြောင်း၊  ပေါ့ဆမှုကြောင့်  မီးလောင်မှုကို ဖြစ်ပွားစေနိုင်ပါကြောင်း သံချောင်းခေါက် အသိပေး တင်ပြလိုက်ရပါသည်။    ။