
မန္တလေး မေ ၇
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ချမ်းမြသာစည် မြို့နယ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) တွင် ဌာနပေါင်းစုံမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူလူထု၏ ကျန်းမာရေးကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များဖြစ်ပေါ် လာစေရန်အတွက် ရည်ရွယ်ကာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အစိုးရအဖွဲ့ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေးကို အပတ်စဉ် ဆောင်ရွက်လျက်ရှိ ကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများ ဥပဓိရုပ် ကောင်းမွန်းရေး၊ သန့်ရှင်းသပ်ရပ်ရေးနှင့် ကျောင်း ပြင်ပ သာယာလှပရေး၊ ဆေးရုံများ အတွင်း အပြင် သန့်ရှင်းသပ်ရပ်ရေး၊ လူနာများစိတ်ချမ်းမြေ့ရေးတို့ကို ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက် ကြသည်။
ယနေ့ပြုလုပ်သည့် စုပေါင်းသန့်ရှင်းရေးတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၅၀၀ ကျော်နှင့် လုပ်ငန်းသုံးယာဉ် ၁၀ စီး တို့ဖြင့် ဆောင်ရွက်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ခုနစ်ခုရှိ ချမ်းမြသာစည်၊ မတ္တရာ၊ စဉ့်ကိုင်၊ မလှိုင်၊ တောင်သာ၊ ရမည်းသင်း၊ ကျောက်ပန်းတောင်း မြို့နယ်များ၌ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင်လည်း စုပေါင်းအင်အား ၁၇၀၀ ကျော် ဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက် ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၄ ခုမှ နိုင်ငံ့ ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ စစ်ဆေးနေသည့် မန္တလေးတိုင်းဒေသကြီးရှိ စာဖြေဌာနဖြစ်သော အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဦးဆန်းမြင့်နှင့် စာမေးပွဲကြီးကြပ် ရေးအဖွဲ့ တာဝန်ရှိသူများအားတွေ့ဆုံ၍ ရေးဖြေ စာမေးပွဲဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်