
မန္တလေး အောက်တိုဘာ ၁၉
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)၌ မန္တလေး တိုင်းဒေသကြီးအတွင်းမှ ဆုရရှိခဲ့သူများနှင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူများအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ယနေ့ ညနေပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)၌ သွားရောက် ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်များအတွက် ကျန်းမာ ရေး အထောက်အကူပြု ဆေးပစ္စည်းများနှင့် ကူညီ ပံ့ပိုးပေးခဲ့သူ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ပြိုင်ပွဲယှဉ်ပြိုင်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်အဖွဲ့နှင့် အုပ်ချုပ် သူအဖွဲ့များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ဆုရရှိသူများကိုယ်စား ရာမယဏ ဇာတ်တော်ကြီးအဖွဲ့မှဒေါ်ဇာနည်အောင်က ကျေးဇူး တင်စကားပြောကြားပြီးနောက် ပထမဆု ထိုက်တန် စွာ ရရှိခဲ့သည့် ရာမယဏဇာတ်တော်ကြီး၏ ဇာတ်ဝင် ခန်းအချို့ကို ပြသခဲ့ပြီး မြို့မတီးဝိုင်းမှ သာယာနာပျော် ဖွယ် တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက် ပြီး ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံကာ ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့သည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် မန္တလေး တိုင်းဒေသကြီးအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၂၂၀ ရှိကာ ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ရောက် ယှဉ်ပြိုင်ကြရာ စုစုပေါင်းဆုတံဆိပ် ၈၈ ခု ရရှိ ခဲ့ကြောင်း၊ ရာမယဏဇာတ်တော်ကြီးကို အကောင်းဆုံး တင်ဆက်နိုင်ခဲ့ပြီး ပထမဆုကြီးကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်