မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်ရှည်သီးနှံပင်ဖြစ်သည့် ပိုးစာပင် စိုက်ဧက ၁၅၃ ဒသမ ၅ ဧက စိုက်ပျိုးထားရှိ

 

ပြင်ဦးလွင် ဇန်နဝါရီ    ၁၆


မန္တလေးတိုင်းဒေသကြီးအတွင်းတွင် နှစ်ရှည်သီးနှံပင် ဖြစ်သည့် ပိုးစာပင်စိုက်ဧက ၁၅၃  ဒသမ ၅ ဧက စိုက်ပျိုးထားရှိကြောင်း ပြင်ဦးလွင်မြို့ ပိုးသုတေသန နှင့်   နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၏   တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး   ဒေါ်မိုးမိုးဝင်းက ပြောကြားသည်။ 

 


 တိုင်းဒေသကြီးအတွင်း ပိုးချည်ဌာန၏ ဌာနပိုင်ခြံ ငါးခြံရှိကြောင်း၊ အဆိုပါခြံများသည် ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၊  ပိုးအိမ်ထုတ်ပိုးစာခြံ၊ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ၊ ဒိုးကွင်ပိုးစာခြံ နှင့် ထုံးဘိုပိုးစာခြံတို့ဖြစ်ပြီး၊   ပုဂ္ဂလိကအနေဖြင့် ကောင်းမြန်မာအောင်ကုမ္ပဏီမှလည်း စိုက်ပျိုးထား ပြီး တိုင်းဒေသကြီးအတွင်း စုစုပေါင်း ပိုးစာပင်စိုက် ဧက ၁၅၃ဒသမ ၅ ဧက စိုက်ပျိုးထားရှိကာ ယင်းခြံ များမှ ပိုးဥကတ်ကို ၁၁၅ ကတ်မွေးပြီး ပိုးအိမ်ပေါင် ၆၀၀၀ ကျော်ကို နှစ်စဉ်ထုတ်ပေးနိုင်ကြောင်း သိရ သည်။ 

 


‘‘ပိုးစာပင်က နှစ်ရှည်ပင်ဖြစ်ပါတယ်။   မိုးတွင်း ကာလ မေလနဲ့ ဇွန်လမှာ အပြီးစိုက်ပျိုးလေ့ရှိပါတယ်။ ပိုးစာက တစ်ခါစိုက်ပြီးရင် နှစ် ၂၀ လောက်အထိ သုံးလို့ရတဲ့ နှစ်ရှည်ပင်ဖြစ်ပါတယ်။ အဝတ်အထည် ရက်လုပ်တဲ့နေရာမှာ  အသုံးပြုတဲ့    ပိုးချည်ရရှိဖို့ ရည်ရွယ်ပြီး ပိုး​မွေးမြူဖို့အတွက် ပိုး​ကောင်​လေး​တွေ ရဲ့အစာအဖြစ်ပိုးစာပင်ကို စိုက်ပျိုးကြတာဖြစ်သလို အခုနောက်ပိုင်းမှာ ပိုးစာပင်က ပိုးမွေးဖို့တစ်ခုတည်း မဟုတ်ဘဲ လူတွေရဲ့ကျန်းမာရေးကိုအထောက်အကူ ပြုတဲ့အတွက် ပိုးစာသီးကို  ဒီအတိုင်းစားကြသလို ပိုးစာသီးဝိုင်၊ ပိုးစာသီးယို၊ ပိုးစာရွက်လက်ဖက်ခြောက် တို့ကိုလည်း  ပြုလုပ်လာကြပါတယ်။    ပိုး​မွေးပြီး ရှိလာတဲ့ပိုးအိမ်များမှာ ​ကော်လာဂျင်များစွာပါဝင်တဲ့အတွက်လည်း  အလှကုန်ပစ္စည်းများ၊   ဆပ်ပြာများ ​ခေါင်း​လျှော်ရည်များထုတ်လုပ်ကြပါတယ်။  ပိုးစာပင် ကို   စိုက်စနစ်အမျိုးမျိုးနဲ့   စိုက်ပျိုးလို့ရပါတယ်။ ဌာနပိုင်ခြံအနေနဲ့ များသောအားဖြင့်( ၅ ပေx ၂ ပေ)(၆​ပေx၂​ပေ) စိုက်စနစ်​တွေနဲ့ စိုက်ကြတယ်။ ခုနောက် ပိုင်းမှာ တောင်သူတွေက တစ်ဧကရဲ့အထွက်နှုန်းကို တိုးတက်ချင်တာကြောင့်  တစ်ဧက အပင်ရေများများ ဝင်ဆံ့တဲ့  (၃ ပေ x ၁ ပေ)    စိုက်စနစ်​တွေနဲ့လည်း စိုက်ပျိုးလာကြပါတယ်’’ဟု ၎င်းက  ရှင်းပြသည်။ 

 


ပိုးစာပင်မျိုး အမျိုးအစားများစွာရှိပြီး   လက်ရှိ အ​ခြေအ​နေတွင် မြန်မာနိုင်ငံ၌ ပိုးစာပင်မျိုး ၁၄ မျိုး ကို ထိန်းသိမ်းထားရှိရာ ယခုနောက်ပိုင်းတွင် တရုတ် နိုင်ငံမှ တင်သွင်းလာသည့်    စပ်မျိုးများကိုလည်း စိုက်ပျိုးလာကြကြောင်း၊  မြန်မာတစ်နိုင်ငံလုံးတွင် ပိုးစာပင်စိုက်ပျိုးဧက ၅၆၀၀ ကျော်ရှိပြီး၊ ပိုးဥကတ် ၁၅၀၀၀ ကျော် မွေးမြူကြကာ ပိုးအိမ်ပေါင် ခုနစ်သိန်း ခွဲ နီးပါးထွက်ရှိကြောင်း၊   ပိုးချည်အနေဖြင့် ဌာနပိုင် ပိုးချည်စက်ရုံနှစ်ရုံမှ တစ်နှစ်ကို ပိုးချည် ပေါင် ၆၀၀ ကျော်ထွက်ရှိပြီး၊ တောင်သူများမှ ထုတ်လုပ်သည့် ပိုးအိမ်များကို​တော့ ပြည်ပသို့   တင်ပို့ရောင်းချကြ ကြောင်း သိရသည်။


မင်းထက်အောင်
(မန်းကိုယ်ပွား)