မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်းဆီထွက်သီးနှံစိုက်ဧက ၂၉၂၀၀၀ ကျော် လျာထားစိုက်ပျိုး

 

မန္တလေး   ဒီဇင်ဘာ   ၁၁


မန္တလေးတိုင်းဒေသကြီးအတွင်း မီနီဘတ်ဂျက်ကာလအတွက် ခရိုင် ခုနစ်ခုတွင်  ဆောင်းဆီထွက်သီးနှံစိုက်ဧက  ၂၉၂၀၀၀   ကျော်ကို     လျာထားပြီး စိုက်ပျိုးဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးဝင်းက ပြောကြားသည်။ 

 


 အဆိုပါ မီနီဘတ်ဂျက်တွင် ခရိုင် ခုနစ်ခုရှိ မြို့နယ်အလိုက် စိုက်ပျိုး ကြရာတွင် ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းနေကြာ၊ ပန်းနှမ်းနှင့် ဆီမုံညင်းစသည့် ဆီထွက်သီးနှံဧက ၂၉၂၀၀၀ ကျော်ကို စိုက်ပျိုး ဆောင်ရွက်နေရာ ယနေ့အချိန်အထိ ဆောင်းဆီထွက် သီးနှံ ဧက စုစုပေါင်း ၂၁၇၀၀၀ ကျော်ကို စိုက်ပျိုးပြီး ဖြစ်နေကြောင်း သိရသည်။

 


“ဆီထွက်သီးနှံစိုက်ပျိုးတာက   ဒေသတွင်းမှာ ဆီဖူလုံမှုအတွက်ကို အဓိကရည်မှန်းချက်ထားပြီးမှ    စိုက်ပျိုးနေတာပါ။   တိုင်းဒေသကြီးအတွင်းမှာတော့ ဆီဖူလုံမှုရှိပါတယ်။ ဆီထွက်သီးနှံများကို နှစ်စဉ်စိုက် ပျိုးပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က တိုင်းဒေသကြီး    အချုပ်အနေနဲ့   ဆောင်းမြေပဲက တစ်ဧကကို ၅၄   ဒသမ   ၉၂   တင်း  ထွက်ပါတယ်။ ဆောင်းနှမ်းကတစ်ဧကကို ၈ ဒသမ ၆၄ တင်းထွက် တယ်။ ဆောင်းနေကြာက တစ်ဧကကို ၂၆ တင်းခန့် ထွက်ပါတယ်။ ဆီမုန်ညင်းက တစ်ဧကကို ၇ ဒသမ ၇ တင်းထွက်ပါတယ်။ ပန်းနှမ်းက တစ်ဧကကို ၆ ဒသမ ၄    တင်း   ထွက်ရှိပါတယ်။ ဆောင်းဆီထွက်သီးနှံ စိုက်ပျိုးမှုများတာက ပြင်ဦးလွင်ခရိုင်ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

 


 အဆိုပါ ဆောင်းဆီထွက်သီးနှံကို ခရိုင်အလိုက် လျာထားစိုက်ပျိုးကြသည့် ဧကများမှာ မန္တလေးခရိုင် တွင် ၅၄၁၃ ဧက၊ ပြင်ဦးလွင်ခရိုင်တွင် ၈၀၀၇၉ ဧက၊ ကျောက်ဆည်ခရိုင်တွင် ၆၁၀၁၆ ဧက၊ မိတ္ထီလာခရိုင် တွင် ၁၅၇၀၅ ဧက၊   မြင်းခြံခရိုင်တွင်  ၆၂၆၆၀  ဧက၊ ညောင်ဦးခရိုင်တွင် ၁၀၀၇၁ ဧက၊ ရမည်းသင်းခရိုင် တွင်   ၅၈၀၀၀  ဧက  စုစုပေါင်းစိုက်ဧက ၂၉၂၀၀၀ ကျော်ကို  စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း  သိရ သည်။                

မင်းထက်အောင် (မန်းကိုယ်ပွား)