မန္တလေးတိုင်းဒေသကြီး မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းတည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

မန္တလေး    ဇန်နဝါရီ     ၃၀


မန္တလေးတိုင်းဒေသကြီး  ပုသိမ်ကြီးမြို့နယ်  ရန်ကင်းတောင်အနီး    ရှင်တော်ကုန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်  မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ စီမံကိန်းတည်ဆောက်နေမှုသည် လက်ရှိတွင် ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ဇွန်လအတွင်း   ငှားရမ်းနေထိုင် ခွင့်ပြုနိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


အဆိုပါတိုက်ခန်းများကို  တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာဝယ်ယူ နိုင်စွမ်းမရှိသည့် ဝင်ငွေနည်း ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေသည့်  


ဝန်ထမ်းများ၊ ဝင်ငွေနည်း ကုမ္ပဏီဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေ စေရန် ရည်ရွယ်၍  ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ဆောက်လုပ်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ထံမှ သိရသည်။


ကြိုးစားဆောင်ရွက်


“ပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်ကို လျှောက်ထားသူရဲ့ ဝင်ငွေပေါ်မူတည်ပြီး ဝင်ငွေနဲ့ကိုက်ညီတဲ့ အိမ်ခန်းကို ခွင့်ပြုပေးသွားမှာ ပါ။ ငှားရမ်းနေထိုင်ခွင့်သက်တမ်းကို တစ်ကြိမ်လျှင် ငါးနှစ်နဲ့ အများဆုံး နှစ်ကြိမ် ခွင့်ပြုမယ်။ နှစ်စဉ် အိမ်ငှားဦးစီးကိုယ်တိုင် သက်တမ်းတိုးခြင်း ကို ဆောင်ရွက်ရပါမယ်။ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုဖြစ်ပြီး မှီခိုဖို့မရှိသူများကို ဆက်လက်ငှားရမ်းခွင့်ပြုနိုင်ရေးအတွက် အိမ်ခန်း နေရာချထားရေးကော်မတီရဲ့ ထောက်ခံချက်နဲ့ ဆောင်ရွက်နိုင်ပါတယ်။ ဌာနအနေနဲ့ လောလောဆယ် နေရေးခက်ခဲနေကြတဲ့  ပြည်သူတွေ အတွက် ဝန်ဆောင်မှုပေးနိုင်စေဖို့ ဒီစီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ၎င်းက ရှင်းပြသည်။ 


အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ၆၆၆ စတုရန်းပေ အကျယ်အဝန်းရှိ လေးခန်းတွဲ ငါးထပ်၊ အဆောက်အအုံလုံးရေ ၉၁ လုံး၊ အိမ်ခန်းယူနစ်ပေါင်း ၁၄၅၆ ခန်းကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး အဆိုပါအိမ်ရာများ ပြီးစီးပါက အိမ်ခန်း ငှားရမ်းနေထိုင်ခွင့် အနေဖြင့် ပျမ်းမျှတစ်လငှားရမ်းခကို ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀ ကြား၊ အထပ်အနိမ့် အမြင့်ပေါ်မူတည်၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရပြီး  အိမ်ခန်းချထားရေးမူဝါဒနှင့်  အိမ်ခန်းငှားရမ်းခ  ဈေးနှုန်း သတ်မှတ်ချက်ကို ဦးစီးကော်မတီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့   တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


အကောင်အထည်ဖော်


အဆိုပါ    ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို    ရန်ကုန်မြို့တွင် အဆောက်အအုံ  ၁၉၄ လုံး၊   အိမ်ခန်းယူနစ်  ပေါင်း ၃၁၀၄ ခန်း၊ နေပြည်တော်တွင် အဆောက်အအုံ ၂၈ လုံး၊ အိမ်ခန်းယူနစ်ပေါင်း ၄၄၈ ခန်းနှင့် မန္တလေးမြို့တွင်  အဆောက်အအုံ ၉၁ လုံး၊ အိမ်ခန်းယူနစ် ပေါင်း ၁၄၅၆ ခန်းတို့ကို   အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။    


မင်းထက်အောင်(မန်းကိုယ်ပွား)