
နေပြည်တော် အောက်တိုဘာ ၂၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်ရှိ ပွဲစား ကုန်သည်စက်ပိုင်များ မဟာ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)သို့ ရောက်ရှိကာ ကုန်စည်ဒိုင်အတွင်း ကောက်ပဲ သီးနှံများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ကုန်စည် ဒိုင်အသင်းဝင် ဟိန္ဒူဘာသာဝင် တို့၏ ဒီပါဝလီနေ့အကြိုဧည့်ခံပွဲသို့ တက်ရောက်သည်။
ထို့နောက် အသင်းဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် တွေ့ဆုံကာ ပြည်တွင်းကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးပြီး ကုန်စည် ဒိုင်အမှုဆောင်များက တင်ပြမှုများ အပေါ် လိုအပ်သည်များ ညှိနှိုင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန မန္တလေးတိုင်းဒေသကြီးရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ နေ့လယ်စာသုံးဆောင် ပြီး ရုံးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းများကို လုပ်ငန်းဆိုင်ရာများ ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အတူ မန္တလေးမြို့ရှိ မန္တလေး မင်္ဂလာဟိုတယ်၌ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင် များနှင့် တွေ့ဆုံပြီး အငယ်စား၊ အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများ (MSME)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန် အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ အတွက် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်း ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများတွင် ကြုံတွေ့နေရ သော အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်း ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်