
မန္တလေး မတ် ၁၈
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးစက်မှုဇုန်မှ စက်မှုလုပ်ငန်းရှင်များ လုပ်ငန်းအရှိန်အဟုန်မပျက် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် လျှပ်စစ်မီး ပေးနိုင်ရေး တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်း ဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် မန္တလေး စက်မှုဇုန်မှ စက်မှုလုပ်ငန်းများအလိုက် လုပ်ငန်းရှင် များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးဖြန့်ဖြူးပေးနေမှု နှင့် လျှပ်စစ်မီး ဖြန့်ဝေမှုလျော့နည်းရခြင်းအပေါ် စက်မှုလုပ်ငန်းရှင်များ သိရှိရန်နှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ကော်ပို ရေးရှင်းအနေဖြင့် မန္တလေးစက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများ၊ မြို့နယ်၊ ရပ်ကွက်များကို ဓာတ်အားရရှိမှုပေါ်မူတည်၍ သတ်မှတ်အချိန်လိုက် ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စက်မှုလက်မှု လုပ်ငန်း များ လုပ်ငန်းချိန်အတွင်း လည်ပတ်နိုင်ရန် လျှပ်စစ် ဓာတ်အား မပြတ်တောက်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သုံးစွဲသူများအနေဖြင့် လျှပ်စစ်မီးချွေတာ သုံးစွဲရန်နှင့် မီးစားသက်သာသော LED မီးများ အစားထိုးသုံးစွဲရန်လိုအပ်ကြောင်း၊ စက်မှုလုပ်ငန်း များတွင် ဆိုလာစနစ်ဖြင့် ပေါင်းစပ်သုံးစွဲရေး စီမံရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဆိုလာ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားရရှိမှု၊ ဖြန့်ဖြူးပေးနေမှု၊ စက်မှုဇုန်များ လုပ်ငန်းလည်ပတ်နိုင်ရန် လျှပ်စစ် ဓာတ်အားပေးနိုင်မည့် အစီအမံများကိုလည်းကောင်း၊ မန္တလေးလျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအေးကျော်က မြန်မာနိုင်ငံတစ်ဝန်း သဘာဝ ဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရရှိမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း နည်းပါးရခြင်း အကြောင်းရင်းများ၊ မန္တလေးမြို့ရှိ စက်မှုဇုန်များ၊ လူနေအိမ်များ ဓာတ်အားဖြန့်ဖြူး နိုင်မည့် အစီအမံများကိုလည်းကောင်း ရှင်းလင်း တင်ပြသည်။
မန္တလေးမြို့ရှိ စက်မှုဇုန်များတွင် လျှပ်စစ် ဓာတ်အားပုံမှန်မရရှိမှုကြောင့် စက်မှုလုပ်ငန်းအချို့ ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိရာ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် လျှပ်စစ် မီးအား လုပ်ငန်းဆောင်ရွက်ချိန် ပုံမှန်ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်