
မော်လမြိုင် ဩဂုတ် ၂၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ YMBA အသင်းမှ တာဝန်ရှိသူများနှင့်အတူ မော်လမြိုင် မြို့ အမှတ်(၅) တပ်မတော်ဆေးရုံ (ခုတင်- ၃၀၀) တွင် မေတ္တာအခါတော်နေ့အထိမ်းအမှတ် YMBA အသင်းအမှုဆောင်အဖွဲ့ဝင်များနှင့် အလှူရှင်များ စုပေါင်း၍ မော်လမြိုင်မြို့ အမှတ်(၅)တပ်မတော် ဆေးရုံ၊ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီး၊ ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံများသို့ အလှူ ငွေများ၊ ကြက်ဥနှင့်သောက်ရေသန့်များ ပေးအပ် လှူဒါန်းသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ အဖွဲ့က လိုအပ်သည်များ ထောက်ပံ့ဖြည့်ဆည်း ပေးလျက်ရှိသကဲ့သို့ စေတနာရှင်၊ အလှူရှင်များနှင့် ပရဟိတလူမှုအဖွဲ့အစည်းများမှ အခြားလိုအပ် သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးပါကြောင်း၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA) အသင်းမှလည်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း တပ်မတော်ဆေးရုံ၊ ပြည်သူ့ဆေးရုံများသို့ အလှူ ငွေများ၊ ကြက်ဥနှင့်သောက်ရေသန့်များ ပေးအပ် လှူဒါန်းမှုအပေါ် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ရွှေနတ်တောင်ရေသန့်စင်စက်ရုံ ဝင်းအတွင်း ၁ နာရီလျှင် အောက်ဆီဂျင် လီတာ ၄၀ အိုး ၅၀ ထုတ်ပေးနိုင်မည့် တန် ၂၀ ဆံ့ အောက်ဆီဂျင် (အရည်)စက်ရုံ တည်ဆောက်ပြီးစီးနေမှုကို ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား အမြန်ဆုံးပြီးစီး အောင် ဆောင်ရွက်ကြရန် မှာကြားပြီး စက်ရုံ တည်ဆောက်ပြီးစီးပါက လိုအပ် သည့် အောက်ဆီဂျင် များကို မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ တပ်မတော်ဆေးရုံ၊ မြို့နယ်ပြည်သူ့ ဆေးရုံများနှင့် ပရဟိတလူမှုကူညီရေးအဖွဲ့များသို့ လုံလောက်စွာပေးပို့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)