
မော်လမြိုင် နိုဝင်ဘာ ၁၄
မွန်ပြည်နယ်အတွင်း ဆန်စပါးစိုက်ပျိုးမှုအပါအဝင် ဆီနှင့် အခြားဆီထွက်သီးနှံများအတွက် လိုအပ်သည့် စိုက်ပျိုးရေ ရရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် ပေးလျက်ရှိရာတွင် မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက် ပေးထားကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာအတွင်း လက်ရှိ အကျိုးပြု လယ်ဧက ၂၀ အတွက် ၁ နာရီ ဂါလန် ၃၀၀ ရေပေးဝေနိုင်မည့် (၅၅၀- W) ဆိုလာပြားများ၊ အင်ဗာတာ၊ မော်တာနှင့် ရေစုပ်ပိုက်၊ ရေထုတ်ပိုက်များအသုံးပြုကာ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ထားရှိမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်သူများအတွက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေး အလေးထားဆောင်ရွက်ကြရန်၊ စပါးစိုက်ပျိုး မှုများအပြင် ဆောင်းသီးနှံနေကြာနှင့် ဆီထွက်သီးနှံ များ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးရန် မှာကြားပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ ရွှေနတ်တောင်ရေလှောင်တမံသို့ ရောက်ရှိကြပြီး ရေလှောင်တမံ၊ ရေပိုလွှဲနှင့် မြို့ရေပေးဝေရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ရွှေနတ်တောင် ရေလှောင်တမံ၏ အချက်အလက်များ၊ ဆည်ရေ သောက်ရေပေးဝေနိုင်သည့် ဧရိယာဧက ၄၀၀ ၊ မြို့ရေပေးဝေရေး တစ်ရက်လျှင် ရေဂါလန် ၁ ဒသမ ၁၉ သန်း ပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ရေပိုလွှဲ အမျိုးအစားများ၊ တူးမြောင်းမကြီး၊ လက်တံ တူးမြောင်းများနှင့် တောင်သူများအတွက် အကျိုးပြု စိုက်ဧက ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စပါးစိုက် ဧကများ၊ ဥယျာဉ်ခြံများအား ဆည်ရေပေးဝေရာတွင် တောင်သူများ အကျိုးပြုစေရေး အလေးထားဆောင် ရွက်ကြရန်၊ ရေလှောင်တမံ ခံနိုင်ရည်အားပေါ် မူတည်၍ ရေသိုလှောင်နိုင်သည့်ပမာဏကို အမြဲ မပြတ် စစ်ဆေးတွက်ချက်ကာ ရေပိုလွှဲ၊ ရေထုတ်ပြွန် များဖြင့် စနစ်တကျ ရေပိုလွှဲထုတ်နိုင်ရေး ဆောင်ရွက် ရန်၊ နွေစပါးနှင့် အခြားသီးနှံများ ဖြစ်ထွန်းအောင်မြင် စေရေးအတွက် ဆည်ရေအား ပြည့်ဝစွာ ပေးဝေနိုင် ရေး ဆောင်ရွက်ပေးကြရန် မှာကြားပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သက်နိုင် (မော်လမြိုင်)