
ကျော်မင်းအောင်(စက်မှု)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၈-၂-၂၀၂၃ ရက်နေ့က တောင်ကြီး မြို့နယ် ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ကို လာရောက်စစ်ဆေးစဉ် “နိုင်ငံတော်တည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့် ပစ္စည်းဖြစ်ပြီး ပြည်တွင်း လိုအပ်ချက် များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြား ခဲ့ပါသည်။
ယနေ့ခေတ်ကာလ နိုင်ငံတိုင်း၏ အခြေခံအဆောက်အဦများ တည်ဆောက်ရေးတွင် သံမဏိသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိပြီး ကမ္ဘာ့သံမဏိထုတ်လုပ်မှုသည်လည်း နှစ်စဉ်တိုးတက်လျက်ရှိပါ သည်။ World Steel Association ၏ ၂၀၂၂ World Steel In Figures တွင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့သံမဏိထုတ်လုပ်မှု (Crude Steel Production) သည် တန်ချိန် ၁၈၇၉ သန်းရှိရာမှ ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁၉၅၁ သန်းဖြင့် တန်ချိန် ၇၂ သန်း တိုးတက် ထုတ်လုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။
တစ်နှစ်အတွင်း ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ထုတ်လုပ်
၂၀၁၅ မှ ၂၀၂၀ ပြည့်နှစ် ငါးနှစ်တာအတွင်း နှစ်စဉ် ၃ ဒသမ ၀ ရာခိုင်နှုန်း တိုးတက်ထုတ်လုပ်ခဲ့ပြီး ၂၀၂၀ မှ ၂၀၂၁ ခုနှစ် တစ်နှစ်အတွင်း ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ထုတ်လုပ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကမ္ဘာ့အနှံ့ ကိုဗစ်-၁၉ ရိုက်ခတ်မှုများကြောင့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းအများစုမှာ ရပ်ဆိုင်းခဲ့သော်လည်း သံမဏိထုတ်လုပ်မှုမှာ ယခင်နှစ်များထက်ပင် ပို၍ထုတ်လုပ်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ၂၀၂၁ ခုနှစ်အတွင်း အများဆုံးထုတ်လုပ်ခဲ့သည့် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံက တန်ချိန် ၁၀၃၂ ဒသမ ၈ သန်းဖြင့် အများဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် အိန္ဒိယနိုင်ငံသည် တန်ချိန် ၁၁၈ ဒသမ ၂ သန်းဖြင့် ဒုတိယနှင့် ဂျပန် နိုင်ငံသည် တန်ချိန် ၉၆ ဒသမ ၃ သန်းဖြင့် တတိယနေရာတွင် ရှိခဲ့ ပါသည်။
မြန်မာနိုင်ငံ၏ သံမဏိသုံးစွဲမှုမှာ တစ်နှစ်လျှင် ၂ ဒသမ ၅ သန်းခန့် ရှိပြီး ထုတ်လုပ်မှု ပမာဏမှာ ခန့်မှန်းတန်ချိန် ၀ ဒသမ ၅ သန်းခန့်သာ ရှိသဖြင့် သံမဏိသုံးစွဲမှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှ တင်သွင်း နေရပါသည်။ ထို့အပြင် သုံးစွဲမှုပမာဏတိုးတက်မှုမှာ ၈ ရာခိုင်နှုန်းရှိ သဖြင့် နှစ်စဉ်ပြည်ပမှ တင်သွင်းမှုကို မှီခိုနေရပြီး သံနှင့်သံမဏိတင်သွင်း မှု ဈေးကွက်တစ်ခုတည်းပင် နိုင်ငံခြားငွေ အမြောက်အမြားသုံးစွဲ နေရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန၏ စာရင်းများအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဝင်ပေါက်တို့မှ တင်သွင်း ခဲ့သည့် သံ၊ သံမဏိနှင့် ဆက်စပ်ပစ္စည်းများ၏ စုစုပေါင်းတန်ချိန်မှာ ၀ ဒသမ ၈ သန်းခန့်ရှိပြီး တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၆၀ ကျော်ရှိပါသည်။
သံရိုင်းမှ သံစိမ်းသို့ ပြောင်းလဲထုတ်လုပ်ပေးမည့် စက်ရုံတစ်ရုံဖြစ်
မြန်မာနိုင်ငံတွင် သံမဏိထုတ်လုပ်သည့်လုပ်ငန်းများကို ကာကွယ် ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း နှင့် ပုဂ္ဂလိကပိုင် သံရည်ကျိုလုပ်ငန်းများမှ ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် သံမဏိထုတ်လုပ်သည့် လုပ်ငန်းများမှာ သံရိုင်း (Iron Ore)မှ သံစိမ်း (သို့မဟုတ်) သံမဏိသို့ နည်းစဉ်တစ်ခုခုအသုံးပြု၍ ပြောင်းလဲ ထုတ်လုပ်သည့် လုပ်ငန်းများမဟုတ်ဘဲ semi-product များမှ လည်းကောင်း၊ သံနှင့်သံမဏိဖြတ်စ (Iron and Steel Scrap) များမှ လည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိထုတ်ကုန်များနှင့် သံမဏိပစ္စည်းများ ပြောင်းလဲထုတ်လုပ်ပေးသည့်လုပ်ငန်းများသာ ဖြစ်ပါသည်။ ၎င်းတို့အနက် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) မှာ သံရိုင်းမှ သံစိမ်းသို့ ပြောင်းလဲထုတ်လုပ်ပေးမည့် စက်ရုံတစ်ရုံဖြစ်ပါ သည်။
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tyazhpromexport Co., Ltd. နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ပူးပေါင်း၍ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါသည်။ အမှတ်(၂) သံမဏိ စက်ရုံ(ပင်းပက်)သည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုရွာအနီး မိတ္ထီလာ-တာချီလိတ် ပြည်ထောင်စုလမ်းမ ကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၁၂၂)၏ တောင်ဘက်နှစ်မိုင်ခန့်အကွာတွင် တည်ရှိပါသည်။
တစ်နှစ်လျှင် တန်ချိန်နှစ်သိန်း ထုတ်လုပ်မည်
စက်ရုံ၏ အဓိကထုတ်ကုန်မှာ သံစိမ်း (Pig Iron) ဖြစ်ပြီး တစ်နှစ် လျှင် တန်ချိန်နှစ်သိန်း ထုတ်လုပ်မည်ဖြစ်ပါသည်။ စက်ရုံအတွက် အဓိက လိုအပ်သော ကုန်ကြမ်းငါးမျိုးမှာ သံရိုင်း (ဟီမင်တိုက်နှင့်လီမွန်နိုက်)၊ ထုံးကျောက်၊ ဒိုလိုမိုက်ကျောက်၊ ဆီလီကာသဲနှင့် ကျောက်မီးသွေး တို့ဖြစ်ပါသည်။ ကျောက်မီးသွေးအပ ကျန်သော ကုန်ကြမ်းလေးမျိုးမှာ စက်ရုံဧရိယာအနီး ဝန်းကျင်တွင်ရှိပါသည်။ စက်ရုံ၏ထုတ်လုပ်နိုင်မည့် သက်တမ်းအနေဖြင့် ပင်းပက်ဒေသရှိ သံရိုင်းထွက်ရှိနိုင်မည့် တန်ချိန် သန်း ၇၀ အပေါ်တွင် မူတည်တွက်ချက်ပါက နှစ်ပေါင်း ၁၁၀ အထိ ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။ စက်ရုံအတွက် အသုံးပြုမည့်ရေကို စက်ရုံအရှေ့ဘက် ကပ်လျက်တည်ရှိသည့် နမ့်တစ်ဖက်ချောင်းမှ ရရှိ မည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ကို ကျောက်ဖြူ-ကူမင်း ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ရယူထားပါသည်။
လျှပ်စစ်ဓာတ်အားကို ကလော(အင်ပြင်) ဓာတ်အားခွဲရုံ (၁၃၂ ကေဗွီ) လိုင်းမှ ရယူထားပါသည်။ သံစိမ်းထုတ်လုပ်ရန် အသုံးပြုသည့် နည်းစဉ်မှာ ရုရှားနိုင်ငံမှ တီထွင်ထားသည့် ရိုမဲ့နည်းစဉ် (Romelt Process) ဖြစ်ပါသည်။ ၎င်းနည်းစဉ်သည် အရည်အသွေးနိမ့်သည့် သံရိုင်း (Low Grade Iron Ore) နှင့် ဆပ်ဘီတူမီးနပ် (Sub-Bitum-inous) အဆင့်ရှိ ကျောက်မီးသွေးတို့ကို အသုံးပြု၍ သံစိမ်းထုတ်လုပ် နိုင်ရန် တီထွင်စမ်းသပ်ထားသောနည်းစဉ်ဖြစ်ပြီး သံရိုင်းနှင့်ကျောက်မီး သွေးတို့ကို သီးခြားပြုပြင်ပေးရန် မလိုဘဲ သံရည် (Liquid Pig Iron) ရသည်အထိ အဆင့်(၁) ဆင့်တည်းဖြင့် ကျိုချက်နိုင်သည့်နည်းစဉ် (Single-Stage Smelting Reduction Process) ဖြစ်ပါသည်။
ပိုလျှံသောလျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းစနစ်သို့ပေးပို့
အဓိကထုတ်ကုန် သံစိမ်းနှင့်အတူ ချော် (Slag) နှင့် စွန့်ပစ်အပူများ ပါ ဘေးထွက်ပစ္စည်း (By Product) အဖြစ် ထွက်ရှိလာမည်ဖြစ်ပါသည်။ ချော်ကိုချော်လုံး (Granulated Slag) အဖြစ် ထုတ်လုပ်၍ ဘိလပ်မြေ စက်ရုံများသို့ ရောင်းချနိုင်မည်ဖြစ်ပါသည်။ စွန့်ပစ်အပူကို စွန့်ပစ် အပူသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအလုပ်ရုံ (Waste Heat Recovery Power Station) သို့ ပေးပို့၍ တာဘိုင်နှင့်ဂျင်နရေတာများကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ပါသည်။ စက်ရုံအတွက် လျှပ်စစ်ဓာတ်အား ၃၂ မဂ္ဂါဝပ် အသုံးပြုပြီး ပိုလျှံသော လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကို မဟာဓာတ်အားလိုင်းစနစ်သို့ ပေးပို့ သွားမည်ဖြစ်ပါသည်။
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ကို တစ်နှစ်လျှင် သံစိမ်းတန်ချိန် နှစ်သိန်း ထုတ်လုပ်ပြီး နိုင်ငံတော်၏ သံနှင့်သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး မျှော်မှန်းချက်များအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကလိုအပ်သည့် သံနှင့် သံမဏိထုတ်ကုန်များ ထုတ်လုပ်ပေးရန်၊ သွင်းကုန်အစားထိုးထုတ်လုပ် နိုင်ပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သံ၊ သံမဏိ ထုတ်လုပ်မှုနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များ အသုံးပြုပြီး မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရန်တို့ဖြစ်ပါသည်။
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) ၏ တည်ဆောက်ရေးနှင့် စက် တပ်ဆင်ရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အဆင့်ဆင့်အကောင် အထည်ဖော်ခဲ့ရာ ၂၁-၁၀- ၂၀၁၅ ရက်နေ့တွင် ပထမအဆင့်စမ်းသပ် လည်ပတ်ခြင်းကို အလုပ်ရုံ လေးရုံတွင်လည်းကောင်း၊ ၂၀-၃-၂၀၁၆ ရက်နေ့တွင် ဒုတိယအဆင့် စမ်းသပ်လည်ပတ်ခြင်းကို အလုပ်ရုံ ခြောက်ရုံတွင်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
၂၆-၁၀-၂၀၁၆ ရက်နေ့တွင် ဝန်မဲ့စမ်းသပ်ခြင်းကို အလုပ်ရုံ ၁၉ တွင်လည်းကောင်း အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ၁၅-၃-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၁ ရက်မြောက် နေ့ ဆုံးဖြတ်ချက်နှင့် ၂၀-၄-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ၏ (၇/၂၀၁၇)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအရ အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်) စီမံကိန်းကို ၃၁-၃-၂၀၁၇ ရက်နေ့တွင် ယာယီ ရပ်ဆိုင်းခဲ့ပါသည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေဖြင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို ငွေကြေးအခက်အခဲ၊ နည်းပညာ အခက်အခဲများကြားမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း စီမံကိန်းလုပ်ငန်းသည်
တိုင်းပြည်၏ အမှန်တကယ် လိုအပ်ချက်ဖြစ်ခြင်းအပေါ် နားလည်မှု နှင့် မဟာဗျူဟာမြောက် အမြင်မရှိဘဲ ရပ်ဆိုင်းခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်သည် ၁-၁၀-၂၀၂၁ ရက်နေ့တွင် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းသို့ ပထမဆုံးအကြိမ် လာရောက်ကြည့်ရှုခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ရန် လမ်းညွှန်ခဲ့ပါသည်။ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို ၄-၁၀-၂၀၂၁ ရက်နေ့တွင် ပြန်လည်စတင်ခဲ့ပြီး စီမံကိန်းအောင်မြင်စွာ လည်ပတ်နိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့အပြင် မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့နှင့် ပြည်တွင်းပညာရှင်များနှင့် ပူးပေါင်း၍ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းအား လေးနှစ်ကြာ ရပ်ဆိုင်းထားစဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား ကာလရှည်ကြာစွာ ဖြတ်တောက်ထားခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် ချွတ်ယွင်းပျက်စီးခဲ့ သော စက်နှင့်စက်ကိရိယာများကို ပြန်လည်ပြုပြင်ခြင်း၊ အစားထိုး လဲလှယ်ခြင်း၊ စက်ဆီချောဆီများ လဲလှယ်ခြင်း၊ ဖြည့်တင်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ လည်ပတ်စစ်ဆေးခြင်းနှင့် ကွန်ပျူတာထိန်းချုပ် အသုံးပြု၍ ဝန်မဲ့မောင်းနှင်ခြင်းများကို ရုရှားပညာရှင်များ၏ အကူ အညီမရယူဘဲ ဆောင်ရွက်နိုင်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းစဉ်များကို စက်ရုံမှ ကျွမ်းကျင်ဝန်ထမ်းများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တည်ဆောက်ရေးစီမံကိန်းမှ အင်ဂျင်နီယာများ၊ ပြည်တွင်းကုမ္ပဏီများမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဆောင်ရွက်ခဲ့ရာ ၂၁-၁-၂၀၂၃ ရက်နေ့တွင် အောက်ဖော်ပြပါ အလုပ်ရုံ ၁၉ ရုံအား ဝန်မဲ့စမ်းသပ် မောင်းနှင်ခြင်း (No Load Test) ဆောင်ရွက် နိုင်ခဲ့ပါသည်-
(က) ပထမအဆင့်ရေတင်အလုပ်ရုံ (First Lift Pump House)
(ခ) အဝင်ဓာတ်အားလိုင်း လက်ခံဖြန့်ဖြူးခွဲရုံ (Outdoor Switch Yard)
( ဂ ) ကျောက်မီးသွေးကြိတ်ခွဲပြုပြင်ရေး အလုပ်ရုံ (Coal Preparation Unit)
(ဃ) သံသတ္တုရိုင်းအခြောက်ခံအလုပ်ရုံ (Iron Ore Drying Plant)
( င ) သံသတ္တုရိုင်းပြုပြင်ရေး အလုပ်ရုံ (Iron Ore Preparation Unit)
( စ ) အလိုအလျောက်မီးငြှိမ်းသတ်ရေးအလုပ်ရုံ (Automatic Fire Fighting Pump House)
(ဆ) ရေတင်အလုပ်ရုံ အမှတ် (၂) (Pump House No. (2))
( ဇ ) သန့်စင်ပြီးကုန်ကြမ်းများ သိုလှောင်ဖြန့်ဖြူးရေး သိုလှောင် အလုပ်ရုံ(Stock Bins of Raw Materials)
(ဈ) ဓာတုပစ္စည်းဖြင့် ရေပြုပြင်အလုပ်ရုံ ( Chemically Treated Water Pump House)
(ည) သံစိမ်းတုံးပုံလောင်းအလုပ်ရုံ (Pig Casting Shop)
( ဋ ) ဖိအားမြှင့်လေထုတ်အလုပ်ရုံ (Air Compressor Station)
( ဌ ) ဒုတိယအဆင့်ရေတင်အလုပ်ရုံ (Second Lift Pump House)
( ဍ ) သောက်သုံးရေထုတ်လုပ်ဖြန့်ဖြူးမည့် အလုပ်ရုံ (Drinking Water Shop)
( ဎ ) တန် (၁၀၀)ထိချိန်တွယ်နိုင်သည့်ကတ္တား (Truck Scale No.(1))
(ဏ) သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးအလုပ်ရုံ (Gas Distribution Station)
(တ) ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံ (Repair Shop)
(ထ) အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းအလုပ်ရုံ(General Works Laboratory)
( ဒ ) သံစိမ်းတုံးစုပုံရေးစတို (Pig Iron Storage)
( ဓ ) ပင်မလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအလုပ်ရုံ(Main Step-down Sub Station)
အဆိုပါအလုပ်ရုံများသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရုရှားပညာရှင်များ အကူအညီဖြင့် ကွန်ပျူတာထိန်းချုပ်စနစ် မပါ ဝင်ဘဲ ၇၂ နာရီကြာ စမ်းသပ်လည်ပတ်ခဲ့ပြီးဖြစ်သော်လည်း စက်ရုံ အား ယာယီရပ်ဆိုင်းခဲ့သဖြင့် လေးနှစ်ကြာရပ်နားထားခဲ့သည့် အလုပ်ရုံများဖြစ်ပါသည်။
မြန်မာပညာရှင်များ၏ စွမ်းဆောင်ချက်များဖြင့် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့
ယခင်စမ်းသပ်ခဲ့စဉ်က စက်များ၏ ကြံ့ခိုင်ရေးကိုသာ ဦးစားပေး စမ်းသပ်နိုင်ခဲ့ပြီး အလိုအလျောက် ထိန်းချုပ်လည်ပတ်မှုများကို ဆက်လက်ဆောင်ရွက်စဉ် ရပ်ဆိုင်းခဲ့သည့်အတွက် အလုပ်ရုံများ အချင်းချင်း ချိတ်ဆက်လည်ပတ်မှုများကို အပြည့်အဝ ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုအခါ မြန်မာပညာရှင်များ၏ စွမ်းဆောင်ချက် များဖြင့် စက်ပြင်ဆင်မွမ်းမံမှုများ၊ ကွန်ပျူတာထိန်းချုပ်စနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ၈-၂-၂၀၂၃ ရက်နေ့တွင် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) သို့ ဒုတိယအကြိမ်လာရောက်ခဲ့ပြီး အလုပ်ရုံများ၏ ဝန်မဲ့စမ်းသပ် မောင်းနှင်မှုကို ကြည့်ရှုစစ်ဆေးကာ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
စီမံကိန်းသို့ လာရောက်စစ်ဆေးစဉ် နိုင်ငံတော်အကြီးအကဲက “နိုင်ငံ၏မြေပေါ်မြေအောက်သယံဇာတများကို စီမံခန့်ခွဲပိုင်ခွင့်သည် နိုင်ငံသူနိုင်ငံသားများ၏ လက်ဝယ်တွင်သာ ရှိရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အင်အားသည် ပြည်တွင်း၌သာရှိကြောင်းကို မိမိတို့ ပြည်တွင်းအားဖြင့် လုပ်ဆောင်နိုင်သည်ဟူသည့်စိတ်ဖြင့် ယုံကြည်မှုကို တည်ဆောက်နိုင်ရမည်ဖြစ်ပြီး လူသားအရင်းအမြစ်ကောင်းများရှိ နေပါက မိမိတို့အနေဖြင့် အခြားသူများကို အားကိုးရန် လိုအပ်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက် ရေရှည်အကျိုးကို ကြည့်၍ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးကိုလည်း ဝန်ကြီးဌာနအလိုက် အားပေးဆောင်ရွက်ကြစေလိုကြောင်း” ဖြည့်စွက် ပြောကြားခဲ့ပါသည်။
အလုပ်ရုံအားလုံး ပေါင်းစပ်ကာ ကြိုးပမ်းဆောင်ရွက်သွားရမည်
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)တွင် အဓိကအလုပ်ရုံ ၂၂ ရုံ ရှိရာ ၁၉ ရုံမှာ ဝန်မပါ စမ်းသပ်လည်ပတ်နိုင်ခဲ့ပြီး ကျန်အလုပ်ရုံ သုံးရုံ ကိုလည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်စက်တပ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်၍ အလုပ်ရုံအားလုံး ပေါင်းစပ်ကာ စမ်းသပ် လည်ပတ်နိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ် ပါသည်။
နိဂုံးချုပ်အနေဖြင့် သဘာဝသယံဇာတအရင်းအမြစ်တို့မည်သည် အကန့်အသတ်ရှိသဖြင့် အစဉ်အမြဲ ထုတ်ယူသုံးစွဲ၍မဖြစ်နိုင်ဘဲ နိုင်ငံတော်ကရရှိမည့် အကျိုးအမြတ်၊ ဒေသဖွံ့ဖြိုးမှုနှင့် လူမှုစီးပွားဘဝ အပေါ် သက်ရောက်မှုသည်လည်းကောင်း၊ အသုံးပြုမည့် နည်းစဉ်အပေါ် မူတည်၍ ပတ်ဝန်းကျင်ဒေသအပေါ် သက်ရောက်မှုသည်လည်းကောင်း၊ သယံဇာတ အမျိုးအစား၊ ပါဝင်မှုရာခိုင်နှုန်း၊ သတ္တုသိုက်ပမာဏနှင့် ထုတ်လုပ်နိုင်မှုသက်တမ်းတို့သည်လည်းကောင်း သဘာဝအရင်းအမြစ် များ ထုတ်ယူသုံးစွဲရာတွင် အခြေခံစဉ်းစားရမည့်အချက်များ ဖြစ်ပါ သည်။
အချို့သောစီမံကိန်းများသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမား လွန်းသည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေခွင့်ပြုပေးမှုအပေါ် မူတည် ၍ ဘဏ္ဍာနှစ်အလိုက် စက်များတပ်ဆင်နိုင်မှု၊ စတင် လည်ပတ်နိုင် သည့်ကာလ၊ တစ်နှစ်ထုတ်လုပ်နိုင်မှုပမာဏ၊ ကုန်ကြမ်းများပံ့ပိုးနိုင်မှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် စက်ရုံ၏ အရင်းကြေကာလတို့သည် ထည့်သွင်းစဉ်းစားတွက်ချက်ထားရမည့် အချက်များဖြစ်ပါသည်။
ဈေးကွက်က တောင်းဆိုချက်မြင့်မားနေသည့်အချိန်တွင် ဈေးကွက် လိုအပ်သည့် အရည်အသွေးအတိုင်း လုံလောက်သော ပမာဏကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက စီမံကိန်းသည် သတ်မှတ်ကာလ အတွင်း အောင်မြင်နိုင်သကဲ့သို့ ထုတ်လုပ်မှုနှင့် ဈေးကွက်လိုအပ်ချက် ကိုက်ညီမှုမရှိပါက စီမံကိန်းများ အောင်မြင်မှုမရှိဘဲ အရှုံးပေါ်ကာ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်သည်ကိုလည်း သတိပြုရမည် ဖြစ်ပါသည်။
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အနေဖြင့် တိုင်းပြည်၏ သံနှင့် သံမဏိလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည့်ပေးနိုင်ရန် လည်းကောင်း၊ သံနှင့်သံမဏိ တင်သွင်းမှုမှ နိုင်ငံခြားငွေသုံးစွဲနေမှုကို လျှော့ချနိုင်စေရန်လည်းကောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရေးကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားထား ချက်များနှင့်အညီ တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ။
- Log in to post comments