မြန်မာ့သကြားကို ဗီယက်နမ်က အများဆုံးဝယ်ယူနေပြီး ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အခြားပြည်ပနိုင်ငံများမှလည်း ဝယ်ယူရန်အမှာစာပေးပို့ထား

 

ရန်ကုန်   ဒီဇင်ဘာ   ၁၃
ဗီယက်နမ်နိုင်ငံက မြန်မာ့သကြားကို အများဆုံးဝယ်ယူနေပြီး ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား နှင့် အခြားပြည်ပနိုင်ငံများကလည်း ဝယ်ယူရန် အမှာစာပေးပို့ထားကြောင်း မြန်မာနိုင်ငံ ကြံထွက်ပစ္စည်းနှင့် သကြားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
မြန်မာနိုင်ငံ၌  တစ်နှစ်လျှင်  သကြားတန်ချိန်  လေးသိန်းခန့်   ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုမှ   ပိုလျှံသည့်သကြားများကို  ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြစ်ကာ ဗီယက်နမ်နိုင်ငံမှ မြန်မာ့သကြားကိုအများဆုံးဝယ်ယူနေကြောင်းလည်း သိရသည်။
စက်တင်ဘာလအတွင်းက ယခုနှစ်ကြံရာသီတွင် သကြားတန်ချိန် တစ်သောင်းဝယ်ယူ ရန် ဗီယက်နမ်နိုင်ငံမှ အမှာစာပေးပို့ထား၍ ဦးစားပေးတင်ပို့ရန်စီစဉ်နေကြောင်း အသင်းမှ သိရသည်။
“အခုနှစ်ကြံရာသီမှာ  ထွက်ရှိမယ့်သကြားကို  ဝယ်ယူလိုကြောင်း  ဗီယက်နမ်နိုင်ငံက စက်တင်ဘာလမှာ အမှာစာရရှိထားတာကြောင့် ဦးစားပေးအနေနဲ့ဗီယက်နမ်ကို တင်ပို့ဖို့ ဆောင်ရွက်နေတယ်။    ဘင်္ဂလားဒေ့ရှ်၊    အင်ဒိုနီးရှားနဲ့   အခြားပြည်ပနိုင်ငံတွေကလည်း ဝယ်ယူဖို့ အမှာစာတွေ ရရှိထားတယ်”ဟု ၎င်းက ပြောသည်။
မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံက အများဆုံးဝယ်ယူနေပြီး ပြီးခဲ့သည့်နှစ်ကလည်း တန်ချိန် ၇၀၀၀၀ မှ ၉၀၀၀၀ ဝန်းကျင်အထိ တင်ပို့ခဲ့ကြောင်း သိရသည်။                    MT