မြန်မာ့သဘာဝရော်ဘာဈေးကောင်းရရှိရေး ဘက်စုံကြိုးပမ်းဆောင်ရွက်ပေး

Type
a&mfbm

 

ဒေါက်တာဝေရီလင်း (စားသုံးသူရေးရာဦးစီးဌာန)

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ရော်ဘာစိုက်ဧက ၁ ဒသမ ၆ သန်း ကျော်ရှိရာအစေးခြစ် ဧက ၁ သန်းခန့်မှ ရော်ဘာတန်ချိန် ၃ သိန်းကျော် နှစ်စဉ်ထွက်ရှိ၍ နှစ်စဉ် မြန်မာ့ရော်ဘာတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာသန်း ၄၈၀ ဖြင့် နိုင်ငံခြားဝင်ငွေများစွာ ရရှိသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ရော်ဘာကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးသည်။

ပြည်တွင်းတွင် ရော်ဘာစိုက်ပျိုးရန်သင့်လျော်သည့် ဒေသများရှိခြင်း၊ အရည်အသွေးမီ ရော်ဘာထုတ်လုပ်နိုင်ရန် စိုက်ပျိုးမှုပုံစံမြှင့်တင်နေခြင်းစသည့် အားသာချက်များရှိပါသည်။ သို့ရာတွင် ပို့ကုန်သဘာဝရော်ဘာ၏ အားနည်းချက်များဖြစ်သည့် အဆင့်မီအရည်အသွေးမရရှိခြင်း၊ ကုန်ကြမ်းအဖြစ်သာ အများဆုံးတင်ပို့ရခြင်း၊ ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အားနည်း၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့နိုင်မှုနည်းပါးခြင်းတို့ကြောင့် ကမ္ဘာ့ပေါက်ဈေးထက် လျော့နည်းရရှိလျက်ရှိပါသည်။

အဓိကတင်ပို့သော ဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု၏ ၇၅ ရာခိုင်နှုန်းရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သို့လည်း တင်ပို့လျက် ရှိပါသည်။ ၉၀ ရာခိုင်နှုန်းကျော်မှာ မှိုင်းခံရော်ဘာ (Ribbed Smoked Sheet-RSS) နှင့် နည်းပညာသတ်မှတ်ချက်များဖြင့် ထုတ်လုပ်သည့်ရော်ဘာ (Technically Specified Rubber-TSR) ကဲ့သို့ ရော်ဘာကုန်ကြမ်းများ တင်ပို့ခြင်းဖြစ်ပါသည်။

ထုတ်လုပ်မှုနည်းစဉ်၊ အဆင့်ခွဲခြားခြင်း၊ အသွင်အပြင်နှင့် အသုံးပြုနိုင်မှုတို့အရ RSS နှင့် TSR အကြား ကွာခြားချက်များရှိပါသည်။ RSS ထုတ်လုပ်ရာတွင် အစေးကိုခဲစေပြီး မှိုင်းတိုက်အခြောက်ခံ၍ ကြာရှည်ခံအောင်ပြုလုပ်ရာ အနံ့နှင့်အရောင်စွဲ၍ ဈေးကောင်းမရဘဲ အဆင့်ခွဲခြားရာတွင် မျက်မြင်ဖြင့် စစ်ဆေးခြင်းဖြင့်သာ ခွဲခြားခြင်းဖြစ်ပါသည်။ အသွင်သဏ္ဌာန်မှာ ဖောက်ထွင်းမြင်နိုင်ပြီး လိုင်းစင်း အရွက်ပြား sheet ပုံစံဖြစ်၍ ယင်းမှ တာရာ၊ ဖိနပ်၊ လက်အိတ်တို့ ထုတ်လုပ်ပါသည်။

TSR တွင် TSR CV, TSR L, TSR 5, TSR10, TSR 20 စသည်ဖြင့် အမျိုးမျိုးရှိပြီး ရောင်းဝယ်မှုအများဆုံးမှာ TSR20 ဖြစ်သည်။ စက်ရုံတွင် ဘလောက်တုံးအဖြစ်ထုတ်လုပ်၍ ဓာတုနှင့်ရူပ အရည်အသွေးများ ဖြစ်သည့် အမှိုက်၊ ပြာနှင့် နိုက်ထရိုဂျင်ပါဝင်မှုနှင့် စေးပျစ်မှုအရ အဆင့်အတန်းခွဲခြားပါသည်။ အများအားဖြင့် ဘလောက်တုံးပုံစံ ၃၀ မှ ၃၅ ကီလို အလေးချိန်ရှိ၍ ကောင်းမွန်သောအရည်အသွေး တစ်သမတ်တည်းရှိရာ RSS ထက် လူကြိုက်များခြင်းဖြစ်သည်။ ကုမ္ပဏီကြီးများ၏ ကားတာယာထုတ်လုပ်သော လုပ်ငန်းများနှင့် ကွန်ဗေယာကြိုးပြားပြုလုပ်ရာတွင် အသုံးပြုပါသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းများအရ မြန်မာနိုင်ငံသည် ဒုတိယမြောက် RSS အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး တန်ချိန် ၁၂၀၀၀၀ ခန့်တင်ပို့ခဲ့ပါသည်။ ကမ္ဘာနှင့်ဒေသတွင်းအခြေအနေကို ပြန်ကြည့်ပါက ထိုင်းနိုင်ငံသည် တန်ချိန် ၃၅၀၀၀၀ ခန့်ဖြင့် အများဆုံးတင်ပို့သူအဖြစ်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် တန်ချိန် ၃၈၀၀၀ ကျော်ခန့်ဖြင့် တတိယနေရာတွင်လည်းကောင်း၊ ကမ္ဘော ဒီးယားနိုင်ငံက တန်ချိန် ၁၅၀၀၀ ခန့်ဖြင့် စတုတ္ထနေရာတွင်လည်းကောင်းတင်ပို့ခဲ့ကြပါသည်။

ရော်ဘာစိုက်ပျိုးခြင်းသာမက ခုတ်လှဲရာတွင် လည်း စံဆောင်ရွက်မှုလုပ်ငန်းစဉ် (SOP) အရ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ရော်ဘာထုတ်လုပ်မှုဆိုင်ရာ လမ်းညွှန်ချက်အနေဖြင့် အီးယူ၏ သစ်တော ပြုန်းတီးမှုစည်းမျဉ်း EU Deforestation Regu-lation EUDR နှင့် ရေရှည်တည်တံ့သော ရော်ဘာ SNR အတွက် လမ်းညွှန်ချက်တို့ကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်၊၊ EUDR သည် တင်ပို့မည့် ရော်ဘာ သို့မဟုတ် ရော်ဘာထုတ်ကုန်များသည် သစ်တောပြုန်းတီးမှုနှင့် မပတ်သက်ကြောင်းအပြင် သက်ဆိုင်ရာဥပဒေများကို လိုက်နာထားကြောင်း တင်ပို့သူ (Operator/Trader) က တာဝန်ယူကြောင်း အာမခံချက်ပေးသည့် တရားဝင်ကြေညာချက်ဖြစ်ပါသည်။

EUDR သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နောက်ပိုင်း သစ်တောခုတ်ထွင်ထားသော မြေပေါ်တွင် စိုက်ပျိုးသည့် ရော်ဘာနှင့် ရော်ဘာထွက်ကုန်များကို EU ဈေးကွက်အတွင်း တင်သွင်း ရောင်းချခြင်းကို တားမြစ်ထားပါသည်။ ထို့အပြင် စိုက်ပျိုးမြေကွက်၏ တိကျသော GPS တည်နေရာ (Geo-location) အချက်အလက်များ ခိုင်လုံစွာတင်ပြနိုင်မှသာ ဥရောပသို့ တင်ပို့ခွင့်ရရှိမည်ဖြစ်ပြီး ရော်ဘာကွင်းဆက်အတွင်း လိုက်နာမှု Due Dili-gence Statement DDS အရ ကိုက်ညီစွာ ပြင်ဆင်ရန် လိုအပ်ပါသည်၊၊

ယင်းအထောက်အထားများကို EU ၏ အွန်လိုင်းစနစ် (Information System)သို့ တင်ပြကာ မှတ်ပုံတင်နံပါတ်ရရှိရန်လိုအပ်ပြီး DDS နံပါတ်မရှိက ကုန်ပစ္စည်းများကို ဥရောပစျေးကွက်အတွင်းသို့ တင်ပို့ခွင့် သို့မဟုတ် ရောင်းချခွင့် ရရှိမည်မဟုတ်ပါ။ လုပ်ငန်းရှင်များအနေဖြင့် ဤထုတ်ပြန်ချက်ကို ငါးနှစ်အထိ သိမ်းဆည်းထားရန်လိုအပ်ပြီး စစ်ဆေးမှုများရှိလာပါက အချက်အလက်များ မှန်ကန် ကြောင်း သက်သေပြနိုင်ရပါမည်။ လိုက်နာမှုမရှိပါက ရောင်းချရငွေ သိမ်းဆည်းခံရခြင်း သို့မဟုတ် EU အတွင်း ရောင်းဝယ်ခွင့် ပိတ်ပင်ခြင်းနှင့်နှစ်စဉ်ဝင်ငွေ၏ ၄ ရာခိုင်နှုန်းထက် မနည်းသော ဒဏ်ငွေ ချမှတ်ခံရနိုင်ပါသည်။

EUDR ကို ၂၀၂၃ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး အကောင်အထည်ဖော်ကာလမှာ ကုမ္ပဏီကြီးများနှင့် အလတ်စားလုပ်ငန်းများအတွက် ၃၀-၁၂-၂၀၂၆ ရက်နေ့မှစ၍ အပြည့်အဝလိုက်နာရန်နှင့် အသေး စားနှင့် အငယ်စားလုပ်ငန်းများအတွက် ၃၀-၇-၂၀၂၇ ရက်နေ့မှစ၍ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာ့ရော်ဘာထုတ်လုပ်မှု အများစုသည် အသေးစားတောင်သူများဖြစ်သဖြင့် ရော်ဘာစေးကို မည်သည့်စိုက်ခင်းမှရရှိသည်ကို အစအဆုံး ခြေရာခံနိုင်ရန် ခက်ခဲနေခြင်း၊ စိုက်ခင်းတစ်ခုချင်းစီ ၏ GPS (Polygon)အချက်အလက်များကို တောင်သူအများစုက စနစ်တကျ မှတ်တမ်းတင်ထားမှုမရှိသေး၍ စိုက်ပျိုးမြေအချက်အလက်မပြည့်စုံခြင်း၊ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း သစ်တောခုတ်ထွင် ထားခြင်းမရှိကြောင်း ဂြိုဟ်တုဓာတ်ပုံနှင့် မြေယာ ပိုင်ဆိုင်မှုအထောက်အထားတင်ပြရန် ခိုင်လုံသောဒေတာဘေ့စ် (Database) လိုအပ်နေခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံမှ ရော်ဘာ တင်ပို့သူများက ဥရောပစျေးကွက်ကို ဆက်လက်ထိန်းထားနိုင်ရန် Euro-Cham Myanmar နှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့မှတစ်ဆင့် စိုက်ပျိုးမြေတည်နေရာ မှတ်တမ်းတင်ခြင်း (Traceability)၊ EUDR ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်စီမံကိန်းများစတင်နေပြီး ရော်ဘာတောင်သူအချို့နှင့် စက်ရုံအချို့သည် နိုင်ငံတကာစံနှုန်းဖြစ်သော ရော်ဘာ Sustainable Natural Rubber SNR နှင့်အညီ စိုက်ပျိုးထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိပါသည်။

တစ်နိုင်ငံလုံးရှိ ရော်ဘာစိုက်တောင်သူများ၏ ၉၂ ရာခိုင်နှုန်းမှာ ခြံရှင်ငယ်များဖြစ်ရာ ရော်ဘာစေးပြုပြင်ထုတ်လုပ်ရေး စက်ရုံထွက်ရော်ဘာထုတ်လုပ်နိုင်ရန် ပုဂ္ဂလိကငွေကြေးတတ်နိုင်သော ခြံရှင်လေးငါးဦးစုစည်း၍ အုပ်စုပိုင်ရော်ဘာထုတ်လုပ်စက်ရုံ Group Processing Factory- GPF ထူထောင်မှုကို ယခုနှစ်ပိုင်းတွင် ဆောင်ရွက်လာကြပြီဖြစ်ပါသည်။

GPF များကို ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်၌ ရွှေကျင်ရွှေပင်စံ RSS 3 စက်ရုံ၊ မရမ်း ချောင်တွင် RSS1 နှင့် RSS3 စက်ရုံများ ဆောက်လုပ်လည်ပတ်လျက်ရှိကြောင်း၊ ကျိုက်ထိုမြို့နယ် ကျွဲတစ်ရာ RSS3 စက်ရုံမှာ ယခုနှစ်တွင် လည်ပတ် နိုင်တော့မည်ဖြစ်ကြောင်း၊ အခြားအုပ်စုပိုင် RSS3 စက်ရုံများကို သထုံမြို့နယ်တွင် - ၂ ရုံ၊ မြိုင်ကလေး တွင် - ၁ ရုံ၊ ကရင်ပြည်နယ်တွင် - ၂ ရုံ၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင်လည်း အုပ်စုပိုင်ရော်ဘာ စက်ရုံများ တိုးချဲ့တည်ဆောက်နေကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သည့်အပြင် ရော်ဘာခြံရှင်ငယ်များက GPF စက်ရုံများထူထောင်၍ ရော်ဘာအရည်အသွေးအလေးထား၍ ထုတ်လုပ်ခဲ့ကြသဖြင့် ကမ္ဘာပေါ်တွင် ရော်ဘာဈေးနှုန်းအများဆုံး ရရှိသည့်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့ရော်ဘာထုတ်ကုန်၏ အရည်အသွေးမြှင့်တင်နိုင်ရန် ခေတ်မီနည်းစနစ်များဖြင့် အခြောက်ခံခြင်း၊ သန့်စင်ထုတ်လုပ်ခြင်းနည်းစဉ်များအသုံးပြုခြင်း၊ ရော်ဘာစေးထွက်ရှိသည့်စိုက်ခင်း၊ စက်ရုံအစမှအဆုံး ခြေရာခံနိုင်သောစနစ် တည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော စိုက်ပျိုးနည်းစနစ်များနှင့် အလုပ်သမားအခွင့်အရေးလေးစားလိုက်နာမှု အာမခံနိုင်သော လုပ်ငန်းဖြစ်ကြောင်း ပြသနိုင်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များ ရယူခြင်းနှင့် EUDR၊ SNR guidelines အပါအဝင် နိုင်ငံတကာစည်းမျဉ်းများ လိုက်နာနိုင်ရေး ဘက်ပေါင်းစုံမှ စနစ်တကျ ပြင်ဆင်သွားမည်ဆိုပါက ဥရောပဈေးကွက်လိုအပ် ချက်များနှင့်ကိုက်ညီသော မြန်မာ့ရော်ဘာအဖြစ်သို့ ရောက်ရှိလာတော့မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ။