
ဆောင်းပါး
========
မြန်မာပြည်သူများအတွက် ကိုဗစ်ကာလမှာ ငှက်ခါးလေး အားခဲပြီး ပျံနေဆဲပါ
=====================================================
ငုသီတာ
အခုတလော စာတိုက်နဲ့ပို့ပေးလိုက်ပါ၊ စာတိုက် ကစျေးချိုတယ်၊ စာတိုက်က အရင်လို မဟုတ်တော့ဘူး စတဲ့ အသံလေးတွေကို တစ်စတစ်စ ကြားလာရပါတယ်။ ဟုတ်ပါတယ်။ အရင်လို မဟုတ်တော့ပါဘူး၊ နှစ်ပေါင်း ၁၉၀ ကျော် သက်တမ်းရင့်ခဲ့တဲ့ ဘိုးဘွားတွေလက်ထက် တုန်းက ပြည်သူတွေအားထားခဲ့ရတဲ့ စာတိုက်ကြီးဟာ အတွေးသစ်၊ အမြင်သစ်၊ နည်းပညာသစ်တွေနဲ့ ပြန်လည် ဆန်းသစ်လာခဲ့ပါပြီ။ စာတိုက်ကို လူတွေသုံးသေးရဲ့လား၊ စာတိုက်ဆိုတာရှိသေးလားဆိုပြီး မေးခွန်းတွေနေရာမှာ အခုတော့ စာတိုက်က ဘယ်နားမှာလဲ၊ ဘယ်ကနေ ဘယ်ကို ပို့ချင်တယ်ရလား၊ အိမ်အထိ လာဝေလား စတဲ့ မေးခွန်းလေးတွေ ပြောင်းသွားပါပြီ။
မြန်မာ့စာတိုက်လုပ်ငန်းဆိုတဲ့ အမည်သီးသန့် ဖော်ပြခွင့်မရဘဲ ဌာနခွဲတစ်ခုအောက်က မရေရာတဲ့ နေရာတစ်ခုမှာ မထင်မရှားရပ်တည်နေခဲ့ရာက ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ “မြန်မာ့စာတိုက်လုပ်ငန်း” ဆိုပြီး ဖွဲ့စည်းပုံ သီးသန့်ရပ်တည်ဖို့ အခွင့်အရေးရလာခဲ့ပါ တယ်။ အခွင့်အရေးပေးခဲ့တဲ့ တာဝန်ရှိသူတွေကိုလည်း အခုထိ ကျေးဇူးတင်နေဆဲပါ။ နိုင်ငံတော်က လစာ ပေးထားတာပဲ၊ အရှုံးခံပေးနေတာပဲဆိုပြီး ရေစုန်မျော မနေဘဲ ရတဲ့အခွင့်အရေးကိုအသုံးချဖို့ IT နည်းပညာရှင် တွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး နည်းလမ်း မျိုးစုံနဲ့ လုပ်ငန်းသစ်တွေကို ၂၆.၈.၂၀၁၆ ရက်နေ့မှာ စတင်ခဲ့ပါတယ်။
Online Shopping တွေအတွက် e-commerce ဝန်ဆောင်မှုတွေ၊ ကိုယ်စားငွေကောက်ခံခြင်း လုပ်ငန်း တွေ၊ လေယာဉ်လက်မှတ်၊ ကားလက်မှတ် ရောင်းတာတွေ၊ Top up collection တွေ၊ Utilities Service တွေကို တစ်ခုပြီးတစ်ခု နိုင်ငံတော်က အရင်းအနှီး ထပ်မံစိုက်ထုတ် ဖို့မလိုဘဲ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်တိုက်ဝင်လာတဲ့ လုပ်ငန်းအသစ်တွေ၊ နည်းပညာအသစ်တွေကို စာတိုက် ဝန်ထမ်းတွေဟာ လူအင်အား၊ ပစ္စည်းကိရိယာအင်အား မပြည့်မစုံနဲ့ အခက်အခဲမျိုးစုံ ရင်ဆိုင်ပြီး လိုက်ပါ သင်ယူခဲ့ကြရပါတယ်။ အရှိန်အဟုန်ကြီးမားတဲ့ မြန်မာ့ စာတိုက်လုပ်ငန်းရဲ့ ပြုပြင်ပြောင်းလဲမှုဒဏ်ကို မခံနိုင်သည့် မလုပ်၊ မရှုပ်၊ မပြုတ် ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြောသည့် အရာထမ်း၊ အမှုထမ်းအချို့ကတော့ အချိန်မတိုင်ခင် ပင်စင်ယူ၊ နုတ်ထွက်၊ ပြောင်းရွှေ့ခြင်းတွေနဲ့ လက်တွဲဖြုတ် ခဲ့ကြတဲ့သူတွေလည်း မနည်းတော့ပါဘူး။
စာတိုက်ရဲ့ ပုံမှန်လုပ်ငန်းတွေကနေ ခွဲထွက်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းကာ Computer တွေ၊ Phone Device တွေ၊ Tablet တွေမျိုးစုံကို ကိုင်တွယ်ပြီး ဝန်ဆောင်မှုတွေကို ပေးလျက်ရှိပါတယ်။ အဓိက အပြောင်း အလဲအနေနဲ့ ချောပစ္စည်းတွေကို အချိန်နဲ့တစ်ပြေးညီ ရောက်ရှိရာနေရာကို သိရှိခြေရာခံနိုင်တဲ့ Delivery Monitoring System ကို အကောင်အထည်ဖော်ပြီး Tracking System ကို ပြည်သူတွေအတွက် ဖြည့်ဆည်း ပေးနိုင်ခဲ့တာပါပဲ။ စာတိုက်ဝန်ထမ်းတွေက IT နည်းပညာ တွေနဲ့ရင်းနှီးပြီး လွယ်ကူစွာသုံးစွဲဆောင်ရွက်ပါက အနာဂတ်မှာ e-Government ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာ့ စာတိုက်လုပ်ငန်းက အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။
အခုအချိန်အထိ မြန်မာ့စာတိုက်လုပ်ငန်းမှာ စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိစွာနဲ့ မိုးထဲ ရေထဲမှာ အတူရုန်းကန်ပေးနေကြ တဲ့ စာတိုက်ဝန်ထမ်း ငှက်ခါးလေးတွေရဲ့ ကြိုးစားမှုကြောင့် နိုင်ငံတကာမှာ နောက်ကျမကျန်ရစ်ခဲ့ဘဲ Universal Postal Union (UPU) ရဲ့ Regional Project တွေမှာ လိုက်ပါဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်မှာ Gold Level Award ကို ရရှိခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ အမြန် ချောပို့လုပ်ငန်း (International EMS) မှာလည်း ၂၀၁၉ ခုနှစ်မှာ တစ်ကမ္ဘာလုံးတွင် အဖွဲ့ဝင်လုပ်ငန်းပေါင်း (၁၉၈) အနက် အဆင့် (၁၆) နဲ့ Bronze Level ကို ရရှိခဲ့ပါတယ်။ စာပို့လုပ်ငန်းဖွံ့ဖြိုးမှုမှာတော့ ၂၀၁၆ ခုနှစ်မှာ အဆင့် (၁၂၆) ကနေ ၂၀၁၈ ခုနှစ်မှာ အဆင့် (၉၁) ကို တက်လှမ်းနိုင်ခဲ့ပါ တယ်။ အောင်မြင်မှုတွေဟာ လွယ်လွယ်နဲ့ ရခဲ့တာမဟုတ် သလို အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းဖို့လည်း အထူးကြိုးစားကြရဦးမှာပါ။
ကိုဗစ်ကာလအတွင်းမှာ ရပ်ဆိုင်းထားရတဲ့ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍမှာ စာတိုက်အနေနဲ့ ချောလမ်းပိတ်ဆို့မှု ကြားထဲက သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ အစိုးရ၊ ဌာနဆိုင်ရာများနဲ့ အများပြည်သူတွေရဲ့ ချောစာ၊ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးနေပါတယ်။ အပြည်ပြည်ဆိုင်ရာချောတွေအတွက်လည်း ရပ်ဆိုင်း သွားတဲ့ ခရီးသည်တင်လေယာဉ်တွေအစား Cargo Flight တွေပြောင်းလဲပြီး သယ်ယူပို့ဆောင်နိုင်အောင် ကြိုးစားခဲ့ပါ တယ်။ အခုလိုအချိန်မျိုးမှာ ရပ်ဝေးမှာရှိတဲ့ မိဘညီအစ်ကို မောင်နှမတွေဆီကို မြန်မာစားစရာလေးတွေ ပေးပို့နိုင်ဖို့ ချောလမ်း ရပ်တန့်မသွားအောင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ခက်ခဲစွာ ပေးပို့ပေးနေပါတယ်။ ဒီအချိန်မှာ စာတိုက်ကို ယုံကြည်အားကိုးပြီး အသုံးပြုလာကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်နေမှာပါ။
နိုင်ငံတော်ကစိုက်ထုတ်ကျခံပေးနေတဲ့ အရှုံးလည်း ကာမိအောင်၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ မြန်မာ့စာတိုက်ရဲ့ ဂုဏ်သိက္ခာလည်းတက်အောင် ငှက်ခါးလေးတွေက အခုထက်ပိုပြီး ကြိုးစားသွားမှာပါ။ ကော်နီရဲ့ “အိမ်မှာနေချင်တာပေါ့” သီချင်းလေး ထဲကလို စာတိုက်ဝန်ထမ်းတွေဟာ အိမ်မှာနေချင်သော်လည်း စာတိုက်က ပို့ပေးမှ၊ ဝေပေးမှ ရောက်ရှိနိုင်မယ်၊ ပေးပို့သူနဲ့ လက်ခံရရှိသူတွေ လုပ်ငန်းအဆင်ပြေနိုင်မယ်၊ ဝမ်းသာနိုင်မယ်ဆိုတဲ့ နိုင်ငံသားကောင်းပီသတဲ့ တာဝန်သိစိတ်တွေနဲ့အတူ အသက်ကို ပဓာနမထားဘဲ မြန်မာ့စာတိုက်လုပ်ငန်းရဲ့ Vision ဖြစ်တဲ့ လူတိုင်းအတွက် မြန်မာ့စာတိုက် (Myanmar Post for Everyone) ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူတွေကို ဝန်ဆောင်မှုပေးနေဆဲပါ။
ကိုဗစ်ကာလမှာ မြန်မာပြည်သူတွေအတွက် ငှက်ခါး လေးများ အားခဲပြီးပျံသန်းနေဆဲပါလို့..........။ ။
- Log in to post comments