မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးမှုအဆင်ပြေပြီး ဈေးကောင်းရသည့်အတွက် ရန်ကုန်ဆိပ်ကမ်း ကိုးခုတွင် ငါး၊ ပုစွန် ဝင်ရောက်မှုအားကောင်း

 

ရန်ကုန်    နိုဝင်ဘာ    ၁၆


မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရာ တွင် ငါးအထိအမိကောင်း၍ ဈေးကွက်၌ ဈေးကောင်းရရှိလျက်ရှိရာ    ရန်ကုန်မြို့ ရှိ    ငါးဖမ်းစက်လှေများ  ဆိုက်ကပ်ရာ ဆိပ်ကမ်းကိုးခု၌  ပင်လယ်ပြင်ရေထွက်ကုန်ပို့ဆောင်သော    စက်လှေများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 


မြန်မာ့ပင်လယ်ပြင်အတွင်း ပွင့်လင်း ရာသီအစ   နိုဝင်ဘာလတွင်   ငါး/ပုစွန် အထိအမိကောင်းမှုကြောင့်   ပြည်တွင်း စားသုံးမှုဖူလုံသည့်အပြင်  အိမ်နီးချင်းနိုင်ငံ များသို့  တင်ပို့နိုင်မှုကြောင့် စက်သုံးဆီ ဈေးနှုန်းမတည်ငြိမ်မှုကို ကျော်လွှားနိုင်ပြီး 
ငါးဖမ်းစက်လှေလုပ်ငန်းရှင်နှင့် အလုပ်သမားများ၊  အအေး ခန်း စက်ရုံလုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိသည်။

 


ငါးဖမ်းရာသီအစတွင်   အလုပ်အကိုင်    အခွင့်အလမ်း ကောင်းမွန်မှုနှင့်စပ်လျဉ်း၍ ပင်လယ်ငါးဖမ်း စက်လှေများ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက “ဒီကနေ့အထိ ပင်လယ်ပြင် ငါး/ ပုစွန် အထိအမိကောင်းပြီး ငါးဈေးကောင်းတဲ့အတွက် လုပ်နိုင်သေးတယ်။ ဒီလမှာ ပုစွန်လည်းရတယ်၊ ငါးလည်းမဆိုး ဘူး။ ပြည်တွင်းစားသုံးဖို့ ရသလို ပြည်ပပို့ကုန်အတွက်လည်း အအေးခန်းစက်ရုံတွေကိုပို့နိုင်တယ်။ ငါးပိ၊ ငါးခြောက်လည်း ရကြတယ်။ ဒီလနဲ့ ဒီဇင်ဘာလမှာ ငါးအထိအမိကောင်းပြီး ဇန်နဝါရီလမှာ အထိအမိလျော့သွားလိမ့်မယ်။ ရန်ကုန်က စက်လှေတွေက ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ပြင်မှာ ဖမ်းဆီးတာများတယ်။ မြိတ်မှာဖမ်းဆီးတဲ့ စက်လှေတွေတော့ ငါးအထိအမိ နည်းကြတယ်။   ပြည်ပပို့ကုန် ငါးတွေကို တစ်လတင်ဒါပေးထားတဲ့အတွက် ခြင်တွယ်ပြီး အအေးခန်းစက်ရုံတွေကို  ပို့နိုင်ကြတယ်။  ပြည်တွင်းစားသုံးဖို့ အတွက်လည်း   လက်ကားဈေးဒိုင်တွေဖြန့်ပြီး ၂၀ ရာခိုင်နှုန်း   ငါးပိ၊ ငါးခြောက်၊   ငါးတွေဟာလည်း  လေလံလုပ်ပြီးသားဖြစ်တဲ့ အတွက်  ငါးပိ၊ ငါးခြောက်လုပ်တဲ့သူတွေလည်း အဆင်ပြေ ကြတယ်။ မြန်မာ့ရေထွက်ကုန်ဟာ နိုင်ငံရဲ့ပုံရိပ်တစ်ခုအဖြစ် တည်တံ့ဖို့နဲ့   ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်   ခိုင်မာတဲ့ ဈေးကွက်ကို ရရှိထားဖို့တော့လိုတယ်” ဟု ပြောသည်။

 


ရန်ကုန်၊ ဧရာဝတီနှင့်  တနင်္သာရီတိုင်းဒေသကြီးတို့တွင် ကမ်းဝေးငါးဖမ်းရေယာဉ် ၃၀၀၀ ကျော်နှင့် ကမ်းနီးငါးဖမ်း ရေယာဉ် ၁၀၀၀၀ ခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ  ကမ်းဝေး ငါးဖမ်းရေယာဉ်  ၇၀၀  ကျော်အပါအဝင်   ငါးဖမ်းစက်လှေ     ၂၅၀၀ ခန့် ပင်လယ်ပြင်သို့ ထွက်လျက်ရှိသည်။ မြန်မာ့ပင်လယ် ပြင်မှ ဖမ်းဆီးရမိသော ငါးတံခွန်နှင့် ငါးသင်ဝါကို တရုတ်နိုင်ငံ သို့ အများဆုံးတင်ပို့လျက်ရှိပြီး မြန်မာ့ပင်လယ်မှ ရေထွက် ကုန် ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံကဝယ်ယူ၍  ပြည်တွင်း စားသုံးမှု ၁၀ ခိုင်နှုန်းနှင့် ငါးခြောက်အတွက် ၂၀  ရာခိုင်နှုန်းကို   ပင်လယ်ပြင်မှ ဖမ်းဆီးရမိလျက်ရှိကြောင်း သိရသည်။ 

 


မြန်မာ့ပင်လယ်ပြင်သို့  ယခုရာသီတွင် ရန်ကုန်နှင့် မြိတ်မှ    ဝါးတန်းဖြင့်  ငါးသလောက် သီးသန့်ဖမ်းဆီးသောစက်လှေများ ထွက်ခွာလျက်ရှိပြီး ဈေးကောင်းရရှိသော ငါးသလောက်ကို တရုတ်နှင့်   ထိုင်းနိုင်ငံသို့   အများဆုံးတင်ပို့လျက်ရှိကာ ကုန်ချောစည်သွတ်ဘူး ပြုလုပ်၍လည်း တတိယနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ ပင်လယ်ပြင်မှရရှိသော ငါး/ပုစွန်များကို    ခိုင်မာသော ဈေးကွက်ရရှိပါက မြန်မာ့ရေထွက်ကုန်ကဏ္ဍ   တစ်ခေတ်ဆန်းသစ်လာမည့်နေ့ရက်ကို  ကမ်းဝေးငါးဖမ်း စက်လှေလုပ်ငန်းရှင်များနှင့် အအေးခန်းစက်ရုံလုပ်ငန်းရှင်များ မျှော်လင့်ထားလျက်ရှိသည်။ 


ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး