
ရန်ကုန် ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံတွင် ဝတ်ဆင်မှုများသည့် ရိုးရာ ချည်ထည်တစ်မျိုးဖြစ်သော ချင်းရိုးရာထည် များ ရောင်းအားတက်နေကြောင်း ချင်းရိုးရာ လက်ရက်ထည် လက်လီလက်ကားရောင်းဝယ် ရေးအသိုင်းအဝိုင်းမှ သိရသည်။
“ချင်းရိုးရာ လက်ရက်ထည်တွေက ဝယ်လိုအားကောင်းတယ်။ ဒီနှစ်ပိုင်းအတွင်း ဒီလပိုင်းအတွင်းတွေဆို ဝယ်လိုအားရော ရောင်းလိုအားတွေပါ တက်နေတယ်။ ကျွန်မ တို့ဆီမှာတော့ တီးတိန်ရိုးရာတို့၊ ဟားခါးရိုးရာ တို့ပေါ့။ ဒီမှာတော့ စက်ရက်ကန်းတွေ သုံးတာ များတယ်။ လက်ရက်ကန်းကတော့ မုံရွာဘက် က ထွက်တာရှိတာများတယ်” ဟု မြန်မာပြည် အနှံ့အပြားသို့ တင်ပို့ရောင်းချနေသည့် ဒေါ်ဖွားချစ် ချင်းရိုးရာလက်ရက်ထည် လက်လီလက်ကားအရောင်းဆိုင်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
အဆိုပါ ချင်းရိုးရာ စက်နှင့်လက်ရက် ထည်များသည် လူစိတ်ဝင်စားမှုများပြားနေပြီး ရိုးရာထည်များကို လူမျိုးစုံဝယ်ယူနေလျက် ရှိကြကြောင်းနှင့် အဆိုပါရိုးရာထည်များကို စိတ်ဝင်စားကာ တစ်ပိုင်တစ်နိုင်ရောင်းချမည့် သူများအနေဖြင့်လည်း ရိုးရာအထည်များ၏ထုံးတမ်းစဉ်လာများကို လေ့လာစေလို ကြောင်းလည်း ၎င်းကအကြံပြုသည်။
“စိတ်ဝင်စားပြီး ဝတ်ချင်တဲ့သူတွေ အများ စုကတော့ ရိုးရာထည်ကို စိတ်ဝင်စားပြီး ဝတ်တဲ့သူတွေကများတယ်။ ချင်းလူမျိုးတွေ များတာမဟုတ်ဘူး လူမျိုးစုံအားပေးကြတာ ပေါ့။ အကြံပြုချင်တာက ရိုးရာယဉ်ကျေးမှု မပြတ်အောင်ပေါ့။ ရက်ကန်းထည်တွေ ရောင်း မယ်ဆိုရင် ရိုးရာထည်တွေရဲ့ ထုံးတမ်းစဉ်လာ လေးတွေကို သေချာလေ့လာပြီးမှ ရောင်းရင် တော့ ပိုအဆင်ပြေတာပေါ့” ဟု ဒေါ်ဖွားချစ် ချင်းရိုးရာလက်ရက်ထည် လက်လီလက်ကား အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြ သည်။
လက်ရှိတွင် ချင်းရိုးရာအထည် ဈေးကွက် အတွင်း၌ တီးတိန်ရိုးရာ အမျိုးသမီးဝတ် စက်ရက်တစ်စုံလျှင် ငွေကျပ် ၃၀၀၀၀ ဝန်းကျင်၊ ဟားခါးရိုးရာ အမျိုးသမီးဝတ်စက်ရက်တစ်စုံ လျှင် ငွေကျပ် ၂၀၀၀၀ ဝန်းကျင်နှင့် ဂျပ်ခုတ် ရိုးရာအစစ်တစ်စုံလျှင် ငွေကျပ် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ ဝန်းကျင်အထိရှိပြီး စက်နှင့်ရက်လုပ် သည့်အထည်နှင့် လက်နှင့် ရက်လုပ်သည့် အထည်များမှာ ရက်သားများ ကွာခြားမှုရှိ ကြောင်းလည်းသိရသည်။
သစ်တော်