
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ အတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
========================================================
နေပြည်တော် ဒီဇင်ဘာ ၂
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ အတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အရေးကြီးသည့်ကဏ္ဍမှ ပါဝင်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့်ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး များကို ရရှိနိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားခဲ့ပါကြောင်း၊ ရှေ့ဆက်၍ တိကျသည့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက် မည်ဆိုပါက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုရေးဆွဲထားသည့် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ မဟာဗျူဟာသည် တိုင်းရင်းသားများ၏ သဘောထားစစ်တမ်းကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်၍ ယင်းသည် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မျှော်မှန်းချက်များနှင့်လည်း ကိုက်ညီနေရန်လိုပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးရရှိရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရန် ရှိသဖြင့် တိုင်းရင်းသားများအရေးသည် အရေးကြီးသည့် ကဏ္ဍမှ ပါဝင်နေပါကြောင်း။
လွန်ခဲ့သော ငါးနှစ်တာကာလတွင် နိုင်ငံတော်က အမျိုးသားရင်ကြားစေ့ရေး အခြေခံအုတ်မြစ်ကို ချနိုင်ခဲ့ပြီး ဝန်ကြီးဌာနကလည်း အုတ်တစ်ချပ် သဲတစ်ပွင့်မက ပါဝင် နေရမည်မှာ အသေအချာဖြစ်ပါကြောင်း၊ နောင်ဖြစ်ပေါ်လာ မည့်အစိုးရ၏ ရည်မှန်းချက်များသည် ဝန်ကြီးဌာနမှ ချမှတ် ထားသည့် ရည်မှန်းချက်၊ လုပ်ဆောင်ရမည့် တာဝန်များနှင့် ထပ်တူကျနေရမည်ဖြစ်သဖြင့် တာဝန်ပိုမိုလာနိုင်ပါကြောင်း၊ အစိုးရ၏ တိုင်းရင်းသားအရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်ဝအောင်မြင်စေရန် ဝန်ကြီးဌာနက ပံ့ပိုးပေးရန်လိုပါ ကြောင်း၊ မဟာဗျူဟာပါ ရည်မှန်းချက်က တိုင်းရင်းသားများ အားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများရရှိ နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါရည်ရွယ်ချက် များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအတိုင်း ပြည့်ဝအောင်မြင် နိုင်ရေးဖြစ်သဖြင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် ရည်မှန်းချက်များနှင့် ကိုက်ညီသည့် မဟာဗျူဟာတစ်ရပ် ဖြစ်ရန် ပြည့်စုံကောင်းမွန်စွာ ရေးဆွဲနိုင်ပြီး သတ်မှတ်ကာလ အတွင်း အောင်မြင်စွာအကောင်အထည်ဖော်သွားရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် တစ်သားတည်း ဖြစ်စေရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ NGO ၊ INGO များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ရှေ့တိုးဆောင်ရွက်သွားကြရန်မှာကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာမူကြမ်းတွင် ပါဝင်သော နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ဆောင်ရွက် မည့် အခန်းကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်က မဟာဗျူဟာဆောင်ရွက်မည့် အခန်းကဏ္ဍများသည် မြန်မာ နိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများကို အခန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ်တူး မိန်းဂေါင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် တာဝန်ရှိသူတို့က မဟာ ဗျူဟာမူကြမ်းနှင့် စပ်လျဉ်း၍ အပြုသဘောဆောင် အကြံ ပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
တိုင်းရင်းသားများက တိုင်းရင်းသားများ၏ အခွင့် အရေးများကို အပြည့်အဝရရှိခံစားနိုင်ရန် ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၃ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာ ဗျူဟာရေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဝန်ထမ်းများက တိုင်းရင်းသားများ နေထိုင်ရာ ဒေသများသို့ သွားရောက်၍ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ တိုင်းရင်းသားရေးရာ အခြေခံလိုအပ်ချက်များနှင့် စစ်တမ်းများကို ၂၀၁၈-၂၀၁၉ ခုနှစ်၌ ၆၄ ကြိမ် ကောက်ယူခဲ့ပြီး ရလဒ်များအရ မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၂၁-၂၀၃၀ ရေးဆွဲကာ အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာကို မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ (MSDP)နှင့် ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများသည် တန်းတူညီမျှသော နိုင်ငံသား အခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး များကို အပြည့်အဝရရှိခံစားရန်နှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ အကောင်အထည်ဖော်ရန် လမ်းပြမြေပုံဖြစ်လာ မည့် မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး၊ နှစ်အလိုက် Action Plans နှင့်အတူ ဦးစားပေးလုပ်ငန်းများကို တိုင်းရင်းသားနေထိုင်ရာဒေသများတွင် နှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အညီ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ဖွံ့ဖြိုးမှုကွာဟမှုရှိသည်ဟု ခံစားရမှုများ လျော့ပါးစေပြီး ငြိမ်းချမ်းသာယာသော ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေး အလားအလာကောင်းများ ဖန်တီးတည်ဆောက်ရာတွင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်